News

POST TYPE

NEWS

ဒီမိုကရက်တစ်ပါတီက ရုရှား၊ ထရမ့်မဲဆွယ်အဖွဲ့နှင့် ဝီကီလိခ်ကို တရားစွဲ
ဝါရှင်တန်၊ ဧပြီ ၂၂

၂၀၁၆ သမ္မတရွေးကောက်ပွဲကို နှောင့်ယှက်ရန် လျှို့ဝှက်ပူးပေါင်းကြံစည်မှုဖြင့် ရုရှား၊ ထရမ့်မဲဆွယ်အဖွဲ့နှင့် ဖော်ကောင်ဝက်ဘ်ဆိုက်ဒ် ဝီကီလိဒ်တို့ကို အမေရိကန် ဒီမိုကရက်တစ်ပါတီက တရားစွဲဆိုလိုက်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ထရမ့်မဲဆွယ်အဖွဲ့သည် ရွေးကောက်ပွဲအနိုင်ရရေးအတွက် ရုရှားအကူအညီကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီက စွဲချက်တင်ထားသည်။

သမ္မတဒေါ်နယ်ထရမ့်ကမူ ပတ်သက်မှုရှိသည်ဆိုသော စွဲချက်များကို ထပ်တလဲလဲငြင်းဆိုထားသလို ရုရှားကလည်း ငြင်းဆိုထားသည်။

ဒီမိုကရက်တစ်ပါတီ၏ တရားစွဲဆိုမှုသည် အကျိုးမရှိဘဲ ပယ်ချခံရမည်သာဖြစ်ကြောင်း ထရမ့်မဲဆွယ်အဖွဲ့က တုံ့ပြန်ထားသည်။

“၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် ပြည်သူတို့၏ ဆန္ဒကိုတန်ပြန်ရန် ကြိုးစားနေသည့် ဒေဝါလီခံလုနီးပါး ဒီမိုကရက်တစ်ပါတီ၏ ဤအနှစ်မရှိသည့် တရားစွဲဆိုမှုသည် အခြေအမြစ်မရှိသည့် ရုရှားပတ်သက်သည်ဆိုသော စွဲချက်များအတွက် အထောက်အပံ့ ရလိုရငြားနောက်ဆုံး အားထုတ်မှုမျှသာဖြစ်သည်”ဟု ထရမ့်မဲဆွယ်အဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ဝေဖန်ခဲ့သည်။

ရုရှားသည် ရွေးကောက်ပွဲတွင် ထရမ့်အသာရစေရန် ကူညီခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများက သုံးသပ်ထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။

ယခုကဲ့သို့ တရားစွဲဆိုခြင်းဖြင့် အခြားစုံစမ်းစစ်ဆေးမှုများတွင် မဖော်ထုတ်နိုင်သေးသည့် ကိစ္စများကိုအသစ် ဖော်ထုတ်ပေးနိုင်ဖွယ်ရာ မရှိသော်လည်း ယင်းကိစ္စကို အများပြည်သူအာရုံစိုက်မှု ဆက်ရှိစေရန်အတွက်မူ အထောက်အကူ ရစေနိုင်ကြောင်း BBC ၏ ဝါရှင်တန်သတင်းထောက် နစ်ဘရိုင်ယန့်က သုံးသပ်ထားသည်။

မင်ဟက်တန်ရှိ ပြည်ထောင်စုတရား ရုံးတစ်ရုံးတွင် စွဲဆိုသောအဆိုပါအမှုတွင် ထရမ့်၏ အဓိကလက်ရုံးများဖြစ်သော သမက်ဖြစ်သူ ဂျရက်ကုရှ်နာ၊ မဟာဗျူဟာမှူး ရော်ဂျာစတုန်း၊ မဲဆွယ်အဖွဲ့ ဥက္ကဋ္ဌ ပေါလ်မာနာဖို့ဒ်တို့ကို အမည်တပ်စွဲဆိုထားသလို ဝီကီလိခ် တည်ထောင်သူ ဂျူလီယန်အဆန်ဂ်ကိုပါ ထည့်စွဲထားသည်။

ဒီမိုကရက်တစ်ပါတီ ကွန်ပျူတာဆာဗာများကို ဖောက်ထွင်း၊ ဖွင့်ချမှုနှင့်ပတ်သက်ပြီး ဝီကီလိခ်ကို ထည့်စွဲခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ပြည်ပနိုင်ငံများကို အမေရိကန်တွင် တရားစွဲခြင်းမှကင်းလွတ် ခွင့်ပေးထားသော်လည်း ယခုကိစ္စတွင် ရုရှားက အမေရိကန်ပြည်တွင်းရေးကို ဝင်စွက်ခြင်းဖြစ်သောကြောင့် စွဲဆိုခွင့်ရှိသည်ဟု ဒီမိုကရက်တစ်ပါတီက သုံးသပ်ထားသည်။

၂၀၁၆ မေတွင် ဒီမိုကရက်တစ်ပါတီကို ဟက်ကာများက ပစ်မှတ်ထားနေကြောင်း သတင်းစထွက်လာခဲ့သည်။ နောက်ပိုင်းတွင် ရုရှားဟက်ကာများ၏ ဖောက်ထွင်းမှုဟု အမေရိကန် ထောက်လှမ်းရေးများက ကောက်ချက်ဆွဲခဲ့သည်။

၂၀၁၆ ဇူလိုင် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမတိုင်မီတွင် ဟက်ကာများ ဖောက်ထွင်းရယူထားသော ဒီမိုကရက်တို့၏ ရုံးတွင်းအီးမေးလ်များကို ဝီကီလိခ်က ဖွင့်ချခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က အက်ဖ်ဘီအိုင် ဒါရိုက်တာဟောင်း ဂျိမ်းစ်ကမ်မေးက ထရမ့်နှင့် ပြောဆိုဆွေးနွေးမှု မှတ်တမ်းများကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထရမ့်က သူ၏ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဖလင်းနှင့် ရုရှားတို့ အကြားဆက်စပ်မှုများအပေါ် စုံစမ်းစစ်ဆေးနေခြင်းအား ရပ်ဆိုင်းရန် ကမ်မေးကို တိုက်တွန်းခဲ့သည်ဟု ယင်းမှတ်တမ်းတွင် ရေးသားထားသည်။ 

၂၀၁၆ သမ္မတရွေးကောက်ပွဲအတွင်း ရုရှားစွက်ဖက်မှုကို စုံစမ်းစစ်ဆေးခဲ့သည့် ကမ်မေးကို ထရမ့်က ရာထူးမှ ထုတ်ပယ်ခဲ့သည်။  

F-03