POST TYPE

NEWS

ထိန်ပင်အမှိုက်ပုံ မီးလောင်၊ ညှော်နံ့နှင့် မီးခိုးမွှန်သည့်ဒဏ် ဆိုးရွားစွာခံစားနေရ


ရန်ကုန်၊ ဧပြီ ၂၃

ရန်ကုန်မြို့၏ အကြီးဆုံး ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် ယင်းအမှိုက်ပုံရှိရာ လှိုင်သာယာမြို့နယ်အပါအဝင် ဆက်စပ်မြို့နယ်များတွင် ညှော်နံ့နှင့် မီးခိုးမွှန်သည့်ဒဏ်ကို ဆိုးရွားစွာခံစားနေရကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

ထိန်ပင်သုဿန်အနီးရှိ အမှိုက်ပုံသည် ဧပြီလ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲကတည်းက မီးစတင်လောင်ခဲ့ရာ လက်ရှိတွင် သုံးပုံတစ်ပုံ မီးလောင်နေပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်နေကြောင်း ယင်းဌာနထံမှ သိရှိရသည်။

ရန်ကုန်မြို့နယ်အချို့တွင် ပလတ်စတစ်အနံ့၊ ရာဘာညှော်နံ့များ ပျံ့နှံ့လျက်ရှိနေပြီး လှိုင်မြို့နယ်ရှိ နေရာအတော်များများတွင် ပြာမှုန်များ၊ မီးခိုးမှုန်များ ရူရှိုက်ခံစားနေရကြောင်း ယင်းမြို့နယ်နေထိုင်သူများထံမှ သိရသည်။

ထိန်ပင်အမှိုက်ပုံသည် ဧက ၁၅၀ ခန့်ရှိပြီး အသုံးပြု ဧက ၇၀ ခန့်ရှိကြောင်း၊ အသုံးပြုဧက ၇၀ အနက်မှ သုံးပုံတစ်ပုံခန့် မီးလောင်နေခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့နှင့် စည်ပင်တာဝန်ရှိသူများထံမှ သိရှိရသည်။