News

POST TYPE

NEWS

ဘုရားရုပ်ပွားတော် အဆူ ၃၀၀ ကျော်ကို သဟပုညကာရီအသင်း ရောင်တော်ဖွင့်
23-Apr-2018 tagged as မန္တလေး



မန္တလေး၊ ဧပြီ ၂၂

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်ရှိ ကြေးဘုရားများကို ရောင်တော်ဖွင့် ကုသိုလ်ယူနေသည့် သဟပုညကာရီအသင်းအနေနှင့် ရုပ်ပွားတော် အဆူ ၃၀၀ ကျော်ကို ရောင်တော်ဖွင့် ကုသိုလ်ပြုလုပ်ပြီးဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ယင်းအသင်းကို အသက် ၂၀ ကျော်အရွယ် လူငယ်များဖြင့် စုစည်းထားခြင်းဖြစ်ပြီး အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဘုရားစေတီများနှင့် ဘုန်းကြီးကျောင်းများတွင် ရောင်တော်ဖွင့်ကုသိုလ်ယူ လျက်ရှိကြောင်း၊ အသင်းဝင်အင်အား ၄၀ ကျော်ရှိသော်လည်း လုပ်အားဒါန ကုသိုလ်ပြုမည့် အမျိုးသားများလိုအပ်နေသေးကြောင်း အသင်းဝင် ဦးအောင်မောင်းက ပြောကြားသည်။

အဆိုပါအသင်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မန္တလေး၊ စစ်ကိုင်းနှင့် ပြင်စာကျေးရွာမှ ကြေးဆင်းတုတော်များရှိသော ဘုရားစေတီ၊ ဘုန်းကြီးကျောင်းများတွင် ရောင်တော်ဖွင့် ကုသိုလ်ယူလျက်ရှိရာ ဧပြီလ ၂၂ ရက်နေ့က မန္တလေးမြို့ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားရှိ မင်းတုန်းမင်းကြေးရုပ်တုကို ရောင်တော်ဖွင့်ခဲ့ပြီး စန္ဒာမုနိဘုရားဝင်းအတွင်းရှိ စေတီတော်နှစ်ဆူကိုလည်း ထီးတော်တင်ကာ ထုံးသင်္ကန်းကပ်လှူ ပူဇော်ခဲ့ကြသည်။

လုပ်အားဒါန ကုသိုလ်ပြုလိုသူများအနေနှင့် လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် သဟပုညကာရီ ဘုရားရောင်တော် ဖွင့်အသင်းနှင့် ဖုန်း ဝ၉-၉၉၅၃၄၄၁၀၁ တို့ထံ ဆက်သွယ်နိုင်သည်။ 

M-07

  • VIA