News

POST TYPE

NEWS

ဟစ်တလာ၏ မွေးနေ့တွင် ဂျာမနီရှိခေတ်သစ်နာဇီများ ရော့ခ်ဂီတပွဲကျင်းပ
23-Apr-2018



ဘာလင်၊ ဧပြီ ၂၂

ပြီးခဲ့သည့်သောကြာနေ့က စစ်ရာဇဝတ်ကောင် အဒေါ့ဖ်ဟစ်တလာ၏ မွေးနေ့ဖြစ်ရာ ဂျာမနီအရှေ့ပိုင်းတွင် ရာပေါင်းများစွာသော ခေတ်သစ်နာဇီများ စုဝေးကာ ရော့ခ်ဂီတပွဲတော်ပြုလုပ်ခဲ့ကြောင်း Reuters သတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။

ယင်းလုပ်ရပ်ကို ကန့်ကွက်သည့်အနေနှင့် ဒေသခံများက ငြိမ်းချမ်းရေးပွဲတော်တစ်ခုပြုလုပ်ခဲ့ကာ တန်ပြန်စုဝေးခဲ့ကြသည်။ 

လက်ယာစွန်းအဖွဲ့အစည်း (Shield and Sword ဒိုင်းနဲ့ဓားရှည်) ဆိုသည့် အဖွဲ့အစည်း ပိုလန်နယ်စပ် အော့စရစ်ဇ်မြို့ဘက်တွင် ၂ ရက်တိုင်တိုင် ရော့ခ်ဂီတပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ဟစ်တလာကို ၁၈၈၉ ခုနှစ်က ဧပြီလ ၂၀ ရက်နေ့တွင် ဩစတြီးရီးယား၌ မွေးဖွားခဲ့သည်။ 

လက်ယာစွန်းအဖွဲ့သည် အဆိုပါ ရော့ခ်ပွဲတော်တွင် ဟစ်တလာကိုတို့ချစ်သည်ဟု ရေးထားသောတီရှပ်များ ရောင်းချခဲ့ပြီး ကစားစရာတင့်ကားများကိုလည်း ရန်ပုံငွေရောင်းချခဲ့သေးသည်။ 

ဂျာမနီသို့ ဒုက္ခသည် သန်းဝက်ခန့် ဝင်ရောက်လာသည့် ကိစ္စအပေါ်ကိုလည်း နီယိုနာဇီများက ကန့်ကွက်သည့် စာသားများလည်း ရေးသားထားသည်။

လက်ယာစွန်းပါတီ အမျိုးသားဒီမိုကရက်တစ်ပါတီကလည်း အဆိုပါဂီတပွဲတွင် လာရောက်ပူးပေါင်းခဲ့သည်။

“ဒုက္ခသည်စခန်းများထက် မူကြိုကျောင်းတွေ များများဖွင့်ဖို့လိုပါသည်”ဟူသော စာသားကိုလည်း ရေးသားစိုက်ထူထားသည်။

ဂီတပွဲတော်အနီနားရှိ လမ်းများ၊ ဘူတာရုံများကို ရဲများက စောင့်ကြပ်နေကြပြီး စစ်ဆေးလျက်ရှိသည်။ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဟစ်တလာပုံစံ အလေးပြုမှုဖြင့် ဖမ်းဆီးထားသည်။ 

ဂျာမနီကို ၁၉၃၃ မှ ၁၉၄၅ ခုနှစ်အထိ အုပ်စိုးခဲ့သော နာဇီပါတီနှင့် ဟစ်တလာနှင့် ဆက်စပ်သောသင်္ကေတများ၊ နာဇီပုံစံ အလေးပြုမှုများ၊ အမုန်းစကားဖြန့်ချိမှုများကို ဥပဒေဖြင့် တင်းကျပ်စွာ တားမြစ်ထားသည်။ 

F-02

  • VIA