News

POST TYPE

NEWS

ထော်လာဂျီနှစ်စီး တိုက်မိ၊ လေးဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ
23-Apr-2018

ကလေး၊ ဧပြီ ၂၂ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နှင့် ဖောင်းပြင်မြို့သွားကားလမ်းတွင် ဧပြီလ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်က ထော်လာဂျီနှစ်စီးတိုက်မိရာမှ လူလေးဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း ပင်လည်ဘူးမြို့မရဲစခန်းထံမှ သိရသည်။ 

အဆိုပါလမ်း ဝါးဘိုးချောင်း ကျေးရွာအနီးတွင် ပင်ကွန်ကျေးရွာဘက်မှ ပင်လည်ဘူးမြို့ဘက်သို့ ယာဉ်မောင်း ဦးဟန်ထွန်း ၄၂ နှစ် မောင်းနှင်လာသည့် ယာဉ်သည် ရှေ့တွင်မောင်းနှင်နေသည့် ထော်လာဂျီယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိခဲ့ရာမှ ယာဉ်နှစ်စီးလုံး အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေး ချောက်ထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

ယင်းဖြစ်စဉ်တွင် ယာဉ်မောင်း ဦးဟန်ထွန်း ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၀ ဦးအနက် အမျိုးသမီးလေးဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး ကျန်ခြောက်ဦးနှင့် ဦးစိန်မြင့်မောင် ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၁၀ ဦး စုစုပေါင်း ၁၆ ဦး မှာ ဒဏ်ရာများရရှိခဲ့ကြောင်း ပင်လည်ဘူး မြို့မရဲစခန်းထံမှ သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပင်လည်ဘူးမြို့မရဲစခန်းက ယာဉ်မောင်း ဦးဟန်ထွန်းကို ယာဉ် (ပ) ၈/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၇/၃၃၈/၃၀၄ (က) ဖြင့် အမှုဖွင့် အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းစခန်းမှ သိရသည်။

R-20

  • VIA