News

POST TYPE

NEWS

ဆူးလေ-ရန်ကုန် လေဆိပ် အမြန်ယာဉ်လိုင်း မေလတွင် ပြေးဆွဲမည်
23-Apr-2018

ရန်ကုန်၊ ဧပြီ ၂၂

ရန်ကုန်မြို့တွင်း ဆူးလေ-ရန်ကုန် လေဆိပ်ကို ပထမဆုံး ချိတ်ဆက်ပြေးဆွဲမည့် အမြန်ယာဉ်လိုင်း ပြေးဆွဲခြင်းကို မေလတွင် စတင်မည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။

“ဒီတစ်ပတ်ထဲ ပြေးဆွဲမယ့်အစီအစဉ်တွေကို ဆောင်ရွက်နေပါပြီ။ ဒီလထဲမှာ လုပ်ငန်းတွေကို အပြီးဆောင်ရွက်မယ်။ မေလဆန်းမှာ စပြေးမှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါခရီးစဉ်တွင် ပြေးဆွဲမည့်ယာဉ်များကို စတစ်ကာကပ်ခြင်းများ ဆောင်ရွက်ပြီးစီးနေပြီး ယာဉ်များအနေနှင့်ပြေးဆွဲရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆူးလေ-လေဆိပ်ခရီးစဉ်ကို ဇန်နဝါရီလတွင် ပြေးဆွဲမည်ဟု ခန့်မှန်းခဲ့သော်လည်း မတ်လတွင် ပြေးဆွဲမည်ဟု ရွှေ့ဆိုင်းခဲ့ရာမှ ထပ်မံ၍မေလတွင် ပြေးဆွဲရန် ခန့်မှန်းထားခြင်းဖြစ်သည်။

“ပြေးဆွဲဖို့ကြာနေတာက ယာဉ်တွေရပ်နားဖို့ စီမံနေရလို့ပါ။ အခုတော့ ဘူတာကြီးနဲ့ လေဆိပ်အနီးမှာ ထားဖို့လျာထားတယ်။ ဝင်းတွေထဲ ထားမှာမဟုတ်ပါဘူး”ဟု ဦးထွန်းတောက်ဝင်းက ဆိုသည်။

လက်ရှိတွင် ဆူးလေ-လေဆိပ်ကို စီးနင်းမည့် ခရီးသည်တစ်ဦးအနေနှင့် တစ်ပိုင်တစ်နိုင်အိတ်များ သယ်ဆောင်ခွင့်ပြုမည်ဖြစ်ပြီး ပစ္စည်းသီးသန့်နေရာ လတ်တလောတွင် စီစဉ်ထားခြင်းမရှိသေးကြောင်း ၎င်းက ပြောကြားသည်။

“ယာဉ်စီးခအတွက် YRTA ရဲ့ ဘယ်လောက်နှုန်းခွင့်ပြုမလဲ စောင့်နေတုန်း ရှိသေးတယ်။လူကြီးတွေ ညှိနှိုင်းနေဆဲပါ”ဟု ၎င်းက ဆိုသည်။

ဆူးလေ-ရန်ကုန် လေဆိပ်ကို ယာဉ်စီးရေ ၅၀ ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်းကြောင်းအတိုင်း ဖြတ်သန်းပြေးဆွဲမည်ဖြစ်ကာ မှတ်တိုင်ဆယ်ခုခန့် ထားမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီထံမှ သိရသည်။

Omni Focus ကုမ္ပဏီသည် YBS ယာဉ်လိုင်း ၂၀၊ ၂၇၊ ၈၃၊ ၈၅၊ ၅၆ တို့ကို ပြေးဆွဲလျက်ရှိပြီး ထပ်မံ၍ ယာဉ်လိုင်းအသစ် တိုးချဲ့ပြေးဆွဲရန်လည်း ရှိနေသေးကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။ 

J-06


  • VIA