News

POST TYPE

NEWS

သင်္ကြန်ကာလပြီးသော်လည်း YBS ယာဉ်လိုင်းအချို့ ယခုအချိန်ထိ ယာဉ်စီးခ ကျပ် ၅၀၀ ကောက်ခံမှုများရှိ
23-Apr-2018

ရန်ကုန်၊ ဧပြီ ၂၂

သင်္ကြန်ကာလအတွင်းပြေးဆွဲသည့် ယာဉ်လိုင်းအချို့သည် ယာဉ်စီးခ ပိုမိုကောက်ခံမှုများရှိခဲ့သည့်အပြင် လက်ရှိအချိန်အထိ ဆက်လက်ကောက်ခံနေသည့် ယာဉ်လိုင်းများရှိနေသေးကြောင်း Yangon Bus Service ထံမှ သိရသည်။

ဧပြီလ ၂၀ရက်က YBS ၆၁ ယာဉ်လိုင်းမှယာဉ်အမှတ် 3N/xxxx ယာဉ်မှာ ဆူးလေမှလှည်းတန်းအထိကို ကျပ် ၅၀၀ ကောက်ခံပြီး ခရီးစဉ် ဘယ်ထိရောက်မလဲ မေးရာတွင် တည်းခိုခန်းထိရောက်မည်ဟု ရိုင်းပြစွာပြောဆိုခဲ့ကာ ကြိုက်သည့်နေရာတိုင်ဟု ပြောဆိုခဲ့ကြောင်း ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးက Yangon Bus Service တွင် တိုင်ကြားခဲ့သည်။

သင်္ကြန်ကာလအတွင်း YBS ယာဉ်များ ခရီးတို ကျပ် ၅၀၀၊ ခရီးရှည် ကျပ် ၁၀၀၀ ကောက်ခံမှုများရှိခဲ့ပြီး ယခုထိ သင်္ကြန်အငွေ့အသက် မပျောက်သေးသည့်ကားများ ရှိနေသေးကာ ယာဉ်စီးခနှုန်းထား ကျဆင်းခြင်းမရှိသေးကြောင်း ခရီးသည်တစ်ဦးက ဧပြီလ ၂၁ ရက်က တိုင်ကြားခဲ့သည်။

“ဒီရက်တွေကိုပဲ မြေနီကုန်းကနေ တာမွေအဝိုင်းကို ည ၈ နာရီမထိုးသေးဘူး ကျပ် ၃၀၀ ကောက်တယ်။ သင်္ကြန်တွင်းတုန်းက ၅၀၀ ပေါ့။ ပြဿနာဖြစ်မှာစိုးလို့ ဘာမှပြန်မပြောရဲဘူး။ တာဝန်ရှိတဲ့သူတွေက ဒီလိုတွေတောင်းနေတာကို ထိထိရောက်ရောက် အရေးမယူနိုင်သေးဘူး”ဟု ခရီးသည်တစ်ဦးက ဆိုသည်။

Yangon Bus Service တွင် တိုင်ကြားမှုများရှိနေပြီး YRTA ရုံးကို ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားမှုများလည်း ရှိနေကာ ယာဉ်စီးခပိုကောက်ခံသည့် ယာဉ်လိုင်းများကို စိစစ်အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်လုပ်သားများ ယာဉ်စီးခ ပိုကောက်ခံမှုများရှိပါက ယာဉ်လိုင်းကုမ္ပဏီကို တိုင်ကြားနိုင်ပြီး စည်းကမ်းချက် ၁၃၈ ချက်အတိုင်း အရေးယူမည်ဖြစ်ကြောင်း YBS ၆ ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ပြောကြားသည်။

သင်္ကြန်ကာလအတွင်း ယာဉ်စီးခ ပိုမကောက်ရန် ညွှန်ကြားထားသော်လည်း YBS ၆၊ ၇၊ ၂၃၊ ၇၅၊ ၆၁ စသည့် ယာဉ်လိုင်းများမှာ ယာဉ်စီးခ ကျပ် ၅၀၀ ကောက်ခံမှုများရှိခဲ့ကြောင်း ခရီးသည်များထံမှ သိရသည်။ 

J-06


  • VIA