News

POST TYPE

NEWS

ပြည်ထောင်စုလွှတ်တော် မေလတွင် ပြန်စရန် ခေါ်ယူ၊ လွှတ်တော်နာယကတာဝန် ဦးတီခွန်မြတ် လွှဲပြောင်းယူမည်
22-Apr-2018

နေပြည်တော်၊ ဧပြီ ၂၂

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးကို မေလ ၁၄ ရက်တွင်ကျင်းပရန် ပြည်ထောင်စုလွှတ်တော်က ကြေညာလိုက်ပြီး ယင်းအစည်းအဝေး ကျင်းပနေသည့် ဇွန်လအတွင်း ပြည်ထောင်စုလွှတ်တော်နာယကတာဝန်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှဲပြောင်းယူမည်ဖြစ်ကြောင်း ယင်းလွှတ်တော်မှ သိရှိရသည်။

လက်ရှိနာယကတာဝန်ကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တာဝန်ယူထားခြင်းဖြစ်ပြီး ၎င်းတာဝန်ယူချိန် လပေါင်း ၃၀ ပြည့်မြောက်မည်ဖြစ်သောကြောင့် ကျန်ရှိသည့် လပေါင်း ၃၀ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဆက်လက် တာဝန်ယူရမည်ဖြစ်သည်။

ပြည်ထောင်စုလွတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်မည့် ဦးတီခွန်မြတ်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီဝင်အဖြစ် ကွတ်ခိုင်မဲဆန္ဒနယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်၏ လုပ်ပိုင်ခွင့် အမြင့်ဆုံးကော်မတီဖြစ်သည့် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌတာဝန် ယူခဲ့သည်။

ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဥပဒေအသစ်ဖြစ်သည့် တိုင်းရင်းသားရေးရာ ဥပဒေကြမ်းကို ကိုယ်တိုင်ရေးဆွဲခဲ့ပြီး လွှတ်တော်သို့တင်ပြခဲ့ရာ လက်ရှိတွင် ယင်းဥပဒေအရ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဦးတီခွန်မြတ်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကိုကိုယ်စားပြု၍ ကွတ်ခိုင် မဲဆန္ဒနယ်မှပင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး NLD အများစုကြီးစိုးသော လွှတ်တော်တွင် လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌရာထူးကို ပေးအပ်ခြင်းခံခဲ့ရပြီးနောက် ၂ နှစ်ကျော်အကြာ ၂၀၁၈ ခုနှစ် မတ်လ ၂၂ ၂ နှစ်ကျော်ကာလတွင် လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ယင်းပါတီမှ ပေးအပ်ခြင်း ခံခဲ့ရသူဖြစ်သည်။

မေလတွင် ကျင်းပမည့်လွှတ်တော် အစည်းအဝေးတွင် ဥပဒေပြင်ရေးကိစ္စ အပါအဝင် အဆိုနှင့်မေးခွန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ဘတ်ဂျက် အတည်ပြုမည့်ကိစ္စကို နောက်တစ်ကြိမ် ထပ်မံကျင်းပမည့် အစည်းအဝေးတွင် လုပ်ဆောင်သွားမည်ဖြစ်သည်။

S-01