News

POST TYPE

NEWS

အလောင်းတော် ကဿပဘုရား အလှူငွေနှင့် လေလံကြေး ကျပ်သိန်း ၇၀၀၀ နီးပါးရ

မုံရွာ၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ရှိ အလောင်းတော်ကဿပဘုရားသည် ယခုနှစ် ဘုရားဖူးရာသီတွင် လေလံကြေးနှင့် အလှူငွေနှစ်ရပ်ပေါင်း ကျပ်သိန်း ၇၀၀၀ နီးပါးရရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီမှစကာ လေးလကြာ ဖွင့်လှစ်ခဲ့သည့် အလောင်းတော်ကဿပဘုရားဖူးရာသီပိတ်ပွဲကို တောင်ပေါ် အလောင်းတော် ဘုရားစံကျောင်းတွင် ဧပြီလ ၂၁ ရက်နေ့က ကျင်းပခဲ့သည်။

“အရင်နှစ်ထက် ဘုရားဖူးတွေ များတယ်။ တစ်နိုင်ငံလုံးက လာကြဖူးမြော်ကြတယ်။ လေလံပေးထားတာရော လေးလအတွင်း ဘုရားအလှူငွေရော စုစုပေါင်း ၆၉၂၁ သိန်းရတဲ့အကြောင်း အစည်းအဝေးမှာ ဂေါပကအဖွဲ့ကလည်း ကြေညာပါတယ်”ဟု ကနီမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောဆိုသည်။

အဆိုပါ လေလံအလှူငွေ စုစုပေါင်းမှာ အလောင်းတော်ကဿပဘုရား ပန်း၊ ဆွမ်းတော်ပွဲ၊ ရွှေဆိုင်း၊ ကြေးစည်နှင့် ခေါင်းလောင်းစသည့် ပစ္စည်း ကိုးမျိုးအား လေလံလုပ်ကိုင်သူများကို ၂၀၁၇ သီတင်းကျွတ်ကာလခန့်တွင် လေလံတင်ရောင်းချပြီး လုပ်ကိုင်ခွင့်ရသူများက ဘုရားဖူးရာသီတွင် ရောင်းချကြခြင်းဖြစ်သည်။ 

အနယ်နယ် အရပ်ရပ် ဘုရားဖူးများက ကုသိုလ်ပြု လှူဒါန်းခဲ့သည့် အလှူငွေများဖြင့် အလောင်းတော် ဘုရားဖူးလမ်းကို နှစ်စဉ်ပြုပြင်ခြင်း၊ ဘုရားဝေယျာဝစ္စ ရင်ပြင်သန့်ရှင်းရေး၊ ဆင်သွားလမ်း၊ လူသွားလမ်း တစ်မိုင်ခရီး သန့်ရှင်းရေးအတွက် လုပ်သားများကို ငှားရမ်းအသုံးပြုခြင်း၊ ဘုရားပေါ်ရှိ သာသနိက အဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းခြင်းတို့တွင် အသုံးပြုကြောင်း အလောင်းတော်ကဿပ ဘုရားဂေါပက ဦးချိုဦးက ပြောကြားသည်။

R-08