News

POST TYPE

NEWS

အိန္ဒိယတွင် ကလေးမုဒိမ်းမှုကို သေဒဏ်ပေးရန် အတည်ပြုပြဋ္ဌာန်း
22-Apr-2018


နယူးဒေလီ ဧပြီ ၂၂

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် မကြာသေးမီက မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့် အသတ်ခံရမှုအပေါ် လုံလောက်စွာ ကိုင်တွယ်ဆောင်ရွက်ခြင်းမရှိဟု ပြစ်တင်ဝေဖန်ခံနေရခြင်းကို တုံ့ပြန်သည့်အနေနှင့် ကလေးမုဒိမ်းမှုများကို သေဒဏ်ချမှတ်ရန် အတည်ပြုလိုက်ပြီဟု DW သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်း အမျက်ထွက်မှုနှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့သော ကလေးမုဒိမ်းမှုများ ဆက်တိုက်ဖြစ်ပွားနေမှုကြောင့် ဝန်ကြီးချုပ်မိုဒီက အစိုးရအဖွဲ့ကို အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီးနောက် အသက် ၁၂ နှစ်အောက် ကလေးများကို မုဒိမ်းမှုကျူးလွန်သည့် မည်သူကိုမဆို သေဒဏ်ချမှတ်ရန် ညွှန်းဆိုထားသည့် ဥပဒေကို စနေနေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

မကြာသေးမီက ဂျမူးကက်ရှမီးယား ပြည်နယ်တွင် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့် အသတ်ခံရမှုတွင် နစ်နာသူမှာ မွတ်ဆလင်ဖြစ်သောကြောင့် အုပ်ချုပ်သူ ဟိန္ဒူများက တရားခံဘက်မှ ဘက်လိုက်သည်ဟု ဒေသခံလူထုက စွပ်စွဲခဲ့ကြသည်။

တစ်ချိန်တည်းတွင် အူတာပရာဒေ့ရှ်ပြည်နယ်တွင် အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦးက မိန်းကလေးတစ်ဦးကို မုဒိမ်းမှု ကျူးလွန်သောဖြစ်ရပ် ထွက်ပေါ်လာခဲ့သည်။

ထိုအမှုနှစ်ခုတွင် လွှတ်တော်အမတ် အပါအဝင် တရားခံ ကိုးဦးနှင့်ပတ်သက်မှု ရှိသော ရဲအရာရှိ လေးဦးတို့ကို ဖမ်းဆီးခဲ့သည်။

ဝန်ကြီးချုပ်မိုဒီသည် မိန်းကလေးများ တိုက်ခိုက်ခံရပြီးနောက် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အရေးယူကိုင်တွယ်ရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခြင်း ခံနေရသည်။

အိန္ဒိယအစိုးရသည် မုဒိမ်းကျင့် သတ်ဖြတ်မှုများအတွက် ၂၀၁၃ ခုနှစ်က တင်းကျပ်သော ဥပဒေများ ချမှတ်ခဲ့ပြီး ဖြစ်သော်လည်း မိန်းကလေးငယ်များနှင့် အမျိုးသမီးများ အကြမ်းဖက် တိုက်ခိုက်ခံနေရမှုများကို နှိမ်နင်းရန် နောက်တစ်ကြိမ် ရုန်းကန်ကြိုးစားနေရဆဲ ဖြစ်သည်။

ယခုဥပဒေသစ်တွင် မုဒိမ်းမှုအတွက် ထောင်ဒဏ်ကို ၂ နှစ်အထိ နှစ်ဆတိုးလိုက်ပြီး လိင်အကြမ်းဖက်မှုတွင် ဝင်ရောက်ကြည့်ရှုခြင်း၊ မိန်းကလေးများအား နောက်ယောင်ခံလိုက်ခြင်းတို့ကိုလည်း ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။ ကလေးများက နစ်နာသူအဖြစ် ပတ်သက်နေသော အမှုများတွင် တရားခံကိုဖမ်းဆီးပြီး နှစ်လအတွင်း အပြီးသတ် စီရင်ချက်ရမည်ဟု ဥပဒေသစ်ကဆိုသည်။

ဥပဒေသစ်သည် မိန်းကလေးများနှင့် အမျိုးသမီးများအား အမျိုးသားများက တိုက်ခိုက်ခြင်းကို ကူညီဟန့်တားပေးနိုင်မည်ဖြစ်သည်ဟု ရှေ့နေ အက်ဘာဆင်းက ကြိုဆိုပြောကြားသည်။ သို့ရာတွင် ကြန့်ကြာနေသော အမှုပေါင်းသန်း ၃၀ ခန့်ရှိနေပြီး နာမည်ပျက်နေသည့် အိန္ဒိယ တရားစီရင်ရေးစနစ်ကို တစ်ခုခုလုပ်ဆောင်ရန် လိုအပ်နေပြီဟု အစိုးရကို သူမက တိုက်တွန်းသည်။

“အိန္ဒိယမှာ ဖြစ်ပွားတဲ့ မုဒိမ်းမှုတွေမှာ ပြစ်ဒဏ်ပေးတာ ၂၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီတော့ တရားခံ ၁၀၀ မှာ ၇၂ ဦးက ပြစ်ဒဏ်မကျဘဲ လွတ်မြောက်နေတဲ့သဘောပါပဲ”ဟု သူမက AP သတင်းဌာနသို့ ပြောကြားသည်။ 

ဥပဒေသစ်ကို ဝန်ကြီးချုပ်က အတည်ပြုပြီးသော်လည်း ပါလီမန်တွင် ပြင်ဆင်ရန် အချက်များကို မဲခွဲဦးမည်ဖြစ်ရာ စတင် သက်ရောက်ရန် ခြောက်လခန့် ကြာဦးမည်ဖြစ်သည်။ 

F-04