News

POST TYPE

NEWS

အသက် ၁၅ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်သူကို တရားစွဲ
22-Apr-2018

ရန်ကုန်၊ ဧပြီ ၂၂

အသက် ၁၅ နှစ်အရွယ် မိန်းကလေးအား လက်ထပ်ပေါင်းသင်းယူမည်ဟု ပြောဆိုစည်းရုံးကာ တည်းခိုခန်းသို့ ခေါ်ဆောင်ပြီး သားမယားပြုကျင့်ကာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တစ်ယောက်တည်း စွန့်ပစ်ထားခဲ့သူ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို ဧပြီလ ၂၀ ရက် မွန်းလွဲပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုထားကြောင်း စုံစမ်းသိရသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၁၆၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသားသည် မတ်လ ၁ ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ ရန်မျိုးအောင်ဘုရားပွဲတွင် တွေ့ဆုံသော အသက် ၁၅ နှစ် ၂ လအရွယ် မိန်းကလေးအား စကားပြောစရာရှိသည်ဟု ခေါ်ဆောင်သွားကာ လက်ထပ်ပေါင်းယူမည်ဟု စည်းရုံးပြောဆိုပြီး ဒေါပုံမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် သားမယား နှစ်ကြိမ်ပြုကျင့်၍ ပြန်လည် ပို့ဆောင်ပေးခြင်းမရှိဘဲ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တစ်ဦးတည်း စွန့်ပစ်ထားခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သားမယားပြုကျင့်ခံရတဲ့ မိန်းကလေးက သူ့အဒေါ်နဲ့အတူ ဘူးသီးကြော် ရောင်းတာ။ ညနေ ၄ နာရီလောက် ဆိုင်ပိုင်ရှင် သူ့အဒေါ်မရှိတုန်း လိုက်သွားတာ။ သူ့အဒေါ် ပြန်ရောက်တော့ ဖုန်းဆက်ပေမယ့် စက်ပိတ်ထားလို့ ည ၁၁ နာရီလောက်မှ ဆက်ရခဲ့တာ။ အဲဒါနဲ့မေးတော့ မျက်စိ လည်ပြီး မပြန်တတ်ဘူး လာခေါ်ပါပြောလို့ သွားခေါ်ပြီး မေးမြန်းရာက သားမယား ပြုကျင့်ခံရတာကို သိခဲ့ရတာ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အသက် ၁၅ နှစ်အရွယ် မိန်းကလေးအား လက်ထပ်ပေါင်းသင်းယူပါမည်ဟု စည်းရုံးပြောဆိုကာ သားမယားပြုကျင့်ခဲ့သည်ဟုဆိုသော အသက် ၂၄ နှစ်အရွယ် အမျိုးသားကို ဒေါပုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး အရှေ့ပိုင်းခရိုင် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ ယင်းခရိုင်တရားရုံးမှ အမှု အမှတ် ၁၂၆/၁၈ ဖြင့်လက်ခံခဲ့ပြီး တွဲဖက်ခရိုင်တရားသူကြီး ၄ က ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။

J-16