POST TYPE

NEWS

မိုးကောင်းတွင် တိုက်ပွဲပြင်းထန်၍ ဒေသခံများ တိမ်းရှောင်

မြစ်ကြီးနား၊ ဧပြီ ၂၂

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကဆုန့်ကျေးရွာအနီးရှိ ကေအိုင်အေတပ်ရင်း ၁၁ ဘက်တွင် ကေအိုင်အေနှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် ကဆုန့်ဒေသခံများ ဒုတိယအကြိမ် စစ်ဘေးရှောင်အဖြစ် ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က နမ္မတီး မြို့ရှိ ခရစ်ယာန်ဘာသာရေးကျောင်းနှစ်ခု တွင် ခိုလှုံနေကြောင်း ယင်းကူညီရေး ဆောင်ရွက်သူများထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင် ကဆုန့်ဒေသခံများမှာ လူဦးရေ ၁၈၂ ဦးရှိ၍ ဧပြီလ ၂၁ ရက်နေ့က စတင်ပြောင်းရွှေ့လာပြီး ယင်းနေ့ ညက မိုးကောင်းမြို့နယ်၊ နှောင်ရာဘာရွာ၌ အိပ်ခဲ့ရပြီး ယင်းသို့ရောက် ရှိလာရခြင်းဖြစ်ကြောင်း၊ အချို့မှာလမ်းတွင် ပိတ်မိနေဆဲဖြစ်ကြောင်း ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောကြားသည်။

“သူတို့စစ်ရှောင်တွေကို တာဝန်ယူပြီးမှ ကူညီတဲ့ RC က ဘုန်းကြီးတွေနဲ့ ကူညီရေးအဖွဲ့တွေက သွားခေါ်ပြီးမှ နန်ကျင်ကနေ အစိုးရဌာနဆိုင်ရာတွေက စာရင်းတွေကို သေချာပြုစုပြီး နမ္မတီးမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းနှစ်ခုမှာ ထားမယ်”ဟု ၎င်းကပြောဆိုသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသူများအတွက် လက်ရှိ စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်နေကြောင်း၊ ယင်းစစ်ဘေးရှောင်များအတွက် ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အလှူငွေ ကျပ်ဆယ်သိန်းကိုလည်း လှူဒါန်းခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ကဆုန့်ဒေသခံများသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၁ တို့တိုက်ပွဲများ ဖြစ်ပွားစဉ်က နမ္မတီးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဩဂုတ်လ ၂၂ ရက်နေ့တွင် အခြေအနေ တည်ငြိမ်နေပြီဟုဆိုကာ နေရပ်သို့ ပြန်လည် ရောက်ရှိနေထိုင်ခဲ့သည်။

အဆိုပါ မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာသည် နမ္မတီးကျေးရွာနှင့် ဆယ်မိုင်ကျော်ဝေးကွာပြီး အိမ်ခြေ ၄၀၀ ကျော်ရှိ၍ လူဦးရေ တစ်ထောင်ကျော်ရှိကာ ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ/ ကေအိုင်အို အဖွဲ့တို့၏ ထိန်းချုပ်ရာဒေသလည်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တနိုင်း - ဟူးကောင်းဒေသအတွင်း ကေအိုင်အေအဖွဲ့က ပြောက်ကျား စစ်ဆင်ရေးဆင်နွှဲမည်ဟု ထုတ်ပြန်ထားပြီး အဆိုပါ ထုတ်ပြန်ချက်မတိုင်မီကလည်း တပ်မတော်က နယ်မြေရှင်းမှုများ လုပ်ဆောင်နေခြင်းကြောင့် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေသေးသည့်အတွက် တနိုင်းဒေသရှိ အောင်လော့ဒ်ကျေးရွာမှ ဒေသခံ နှစ်ထောင်ကျော်မှာ မူလနေရပ်သို့ မပြန်နိုင်သေးဘဲ နေရာစွန့်ခွာတိမ်းရှောင် နေရဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် လူမှုအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

R-06