News

POST TYPE

NEWS

ဘူးသီးတောင်တွင် အကြမ်းဖက် သင်တန်းဆင်းတစ်ဦးကို ဖမ်းမိ
22-Apr-2018 tagged as စစ်တွေ

စစ်တွေ၊ ဧပြီ ၂၂

ဘူးသီးတောင်မြို့နယ် ဒုံးချောင် ဘင်္ဂါလီကျေးရွာတွင် အသက် ၂၀ အရွယ် အကြမ်းဖက်သင်တန်းဆင်း အမျိုးသားတစ်ဦးကို ဧပြီလ ၂၀ ရက်က ဖမ်းမိကြောင်း အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ရင်းမှ ရဲအုပ်ထွန်းနိုင်က ပြောကြားသည်။ 

အဆိုပါမြို့နယ် သပြေတောကျေးရွာနှင့် အင်းဖောက်ကျေးရွာတို့တွင် နေထိုင်သော ရခိုင်တိုင်းရင်းသားများကို အကြမ်းဖက်သမားများက ဖုန်းဖြင့် ခြိမ်းခြောက်ခြင်း၊ ခြိမ်းခြောက်စာကို ရွာလမ်းပေါ်တွင်ကပ်ကာ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သပြေတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွေးထံမှ သိရသည်။

ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးရှိ ဘင်္ဂါလီကျေးရွာများမှ သံသယရှိသူများကို လိုက်လံဖမ်းဆီးနေကြောင်း၊ ထိုသို့ဖမ်းဆီးရာတွင် သံသယရှိသူ ၈ ဦးမှာ ထွက်ပြေးနေပြီး တစ်ဦးကို ဖမ်းမိကြောင်း ရဲအုပ်ထွန်းနိုင်က ပြောသည်။

ဖမ်းမိထားသူမှာ ဒုံးချောင်ကျေးရွာ ဇာတိဖြစ်သော်လည်း မြန်မာစကားနှင့် ရခိုင်စကားကို မပြောတတ်ကြောင်း၊ ၎င်းကို အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ရင်းတွင် ဖမ်းဆီးချုပ်နှောင်ကာ စစ်ဆေးနေပြီး မတရားအသင်း ၁၇ (၁) (၂) ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းကပြောဆိုသည်။ 

“ခြိမ်းခြောက်စာတွေ ကပ်တာတွေမှာ သူမပါဘူး။ အဲဒီကောင်တွေနဲ့ သီးခြားလို့ပြောတယ်၊ သူက သင်တန်း တက်ထားတာတော့ မှန်တယ်၊ သူ စာမတတ်ဘူးလို့ ထွက်ဆိုတယ်”ဟု ၎င်းကပြောသည်။

ခြိမ်းခြောက်စာ၌ (၇၈၆) ဗမေုညေ ရိုဟင်ဂျာ၊ Arakan ၊ ARSA  ROHINGYA, ABUAMERစသည်ဖြင့် အင်္ဂလိပ် စာလုံးများ ရေးသားထားပြီး လက်မှတ်ထိုးထားခြင်းနှင့် ဖုန်းနံပါတ်တို့ ပါဝင်ကြောင်း သပြေတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွေးက ပြောသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ အကြမ်းဖက်ဖြစ်စဉ်၌ ပါဝင်သူ ၅၀၈ ဦးကို တရားစွဲဆိုခဲ့ရာ ၄ ဦးကို သေဒဏ်ချမှတ်ပြီး ၂၇၆ ဦးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

R-22