News

POST TYPE

NEWS

အယ်လီဇဘက် ဘုရင်မကြီး၏ ဓနသဟာယအဖွဲ့ အကြီးအကဲနေရာကို ချားလ်မင်းသား ဆက်ခံ
22-Apr-2018



လန်ဒန်၊ ဧပြီ ၂၁

ချားလ်မင်းသားသည် ၎င်း၏မိခင် အယ်လီဇဘက် ဘုရင်မကြီး၏ ထီးနန်းကို ဆက်ခံပြီးပါက ဗြိတိသျှကိုလိုနီဟောင်း ဓနသဟာယအဖွဲ့၏ အကြီးအကဲသစ်ဖြစ်လာလိမ့်မည်ဟု ဓနသဟာယနိုင်ငံများမှ ခေါင်းဆောင်များက သောကြာနေ့တွင် အတည်ပြုလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဝင်ဆာနန်းတော်ရှိ တော်ဝင်စံအိမ်များတွင် နှစ်ရက်ကြာ တွေ့ဆုံစည်းဝေးပြီးနောက် ချားလ်မင်းသားအား အကြီးအကဲသစ် ခန့်အပ်သည့် ကြေညာချက်ကို ဓနသဟာယအဖွဲ့ဝင် ခေါင်းဆောင် ၅၃ ဦးက အတည်ပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဓနသဟာယအဖွဲ့နှင့် ပြည်သူများအပေါ် အယ်လီဇဘက်ဘုရင်မကြီး၏ ဦးဆောင်မှုကဏ္ဍကို ကျွန်ုပ်တို့ အသိအမှတ်ပြုသည်။ ဓနသဟာယအဖွဲ့၏ နောက်တက်မည့် အကြီးအကဲသစ်သည် ဝေလမင်းသား ချားလ်ဖြစ်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဘုရင်မကြီးက သူမ၏နေရာကို ချားလ်မင်းသားကဆက်ခံမည်ဟု မျှော်လင့်ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့ပြီးနောက် ယခုကြေညာချက်ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြပြီးဖြစ်သည်။

“ဓနသဟာယအဖွဲ့က တည်ငြိမ်မှုနဲ့ ရှင်သန်ဖွံ့ဖြိုးမှုကို နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းပေးမယ်၊ ၁၉၄၉ ခုနှစ်က ကျွန်မရဲ့ ဖခင်စတင်ခဲ့တဲ့ ဒီအရေးကြီးတဲ့ လုပ်ငန်းတာဝန်ကို ဝေလမင်းသားက ဆက်လက်လုပ်ဆောင်ဖို့ အဖွဲ့က ဆုံးဖြတ်ကြလိမ့်မယ်ဆိုတာဟာ ကျွန်မရဲ့ ရိုးသားတဲ့ဆန္ဒပါ”ဟု အယ်လီဇဘက်က ကြာသပတေးနေ့ ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကနေဒါဝန်ကြီးချုပ် ထရူးဒိုးကလည်း ဗြိတိန်ဘုရင်မကြီး၏ဆန္ဒကို သဘောတူသည်ဟု ပြောကြားသည်။

ယင်းနေရာကို အစဉ်အဆက်တာဝန်ယူရမည်ဟု တိကျစွာ သတ်မှတ်ထားမှု မရှိပေ။ ခေတ်မီသည့် ပုံရိပ်ကိုပြသနိုင်ရန် တော်ဝင်မျိုးနွယ်မဟုတ်သူကို ခန့်အပ်ရန် အကြံပြုမှုများလည်း ရှိနေသည်။

အယ်လီဇဘက်သည် ထိုရာထူးကို သူမ၏ နန်းသက် ၆၆ နှစ် တစ်လျှောက်လုံး တာဝန်ယူခဲ့သည်။ သို့ရာတွင် ဓနသဟာယ အဖွဲ့ဝင်အများစုမှာ ရီပတ်ဘလစ်နိုင်ငံများ ဖြစ်လာကြသောကြောင့် သူမ၏ ဂုဏ်ထူးဆောင် အကြီးအကဲနေရာသည် အချို့နိုင်ငံများတွင်သာ ကျန်ရှိတော့သည်။

ဗြိတိန်သည် အီးယူမှနုတ်ထွက်ရန် ပြင်ဆင်နေပြီဖြစ်သောကြောင့် စုစည်းမှုလျော့လျဲနေသည့် ဓနသဟာယအဖွဲ့ကို ပြန်လည်စုဖွဲ့ရန် ဆန္ဒပြင်းပြနေသည်။ ဓနသဟာယနိုင်ငံများ၏ စုစုပေါင်းလူဦးရေ ၂ ဒသမ ၄ ဘီလီယံခန့်တွင် အိန္ဒိယနိုင်ငံက ထက်ဝက်ခန့် ပါဝင်သည်။

သို့ရာတွင် ဓနသဟာယအဖွဲ့ဝင် ကာရေဘီယံ ၁၂ နိုင်ငံမှ ရွှေ့ပြောင်းရောက်ရှိလာသူများ၏ ဆိုက်ရောက်ခြင်းဆိုင်ရာ လူဝင်မှုအထောက်အထားများကို ဗြိတိန်အစိုးရက ဖျက်ဆီးခဲ့မှုပြဿနာက ထိပ်သီးဆွေးနွေးပွဲမတိုင်မီ လောင်းရိပ်မိုးနေခဲ့သောကြောင့် အစည်းအဝေးမတိုင်မီတွင် ဝန်ကြီးချုပ်ထရီဇာမေက ကာရေဘီယံ ၁၂ နိုင်ငံမှ ကိုယ်စားလှယ်များကို မဖြစ်မနေတောင်းပန်ခဲ့ရသည်ဟု သိရှိရသည်။

စနေနေ့က အသက် ၉၂ နှစ် ပြည့်သွားသူ အယ်လီဇဘက်ဘုရင်မသည် ယခုနှစ် ဓနသဟာယ အစည်းအဝေးကို နောက်ဆုံးတက်ရောက်ခြင်းဖြစ်သည်ဟု မျှော်လင့်ရသည်။ လာမည့်ဓနသဟာယ ထိပ်သီးအစည်းအဝေးကို ၂ နှစ်အကြာတွင် ရဝမ်ဒါ၌ ကျင်းပမည်ဖြစ်သည်။

F-04