News

POST TYPE

NEWS

ကျိုင်းတုံတွင် နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ဝေဒနာရှင်များကို အခမဲ့ကုပေးမည်
ကျိုင်းတုံ၊ ဧပြီ ၂၁ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့ပတ်လမ်းရှိ စေတနာပုဂ္ဂလိက ဆေးရုံတွင် ဧပြီလ ၂၈ ရက်မှစ၍ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ဝေဒနာရှင်များကို အခမဲ့ကုသပေးမည်ဖြစ်ကြောင်း အဆိုပါဆေးရုံပိုင်ရှင် ဒေါက်တာမြင့်ဇော်က ပြောသည်။

“Smile Train အဖွဲ့နဲ့ပူးပေါင်းပြီး ပထမဆုံးအကြိမ် ကုသိုလ်ဖြစ် အခမဲ့ ခွဲစိတ်ကုသပေးမှာပါ။ ရှမ်းအရှေ့ မြို့နယ်တွေမှာရှိတဲ့ ကလေးငယ်များအနေနဲ့ ပြုံးအလှပိုင်ရှင်များ ဖြစ်လာပြီး ဘဝသာယာလှပဖို့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တာပါ။ နောက်ပိုင်းမှာ လစဉ်လုပ်ဆောင်ပေးဖို့လည်း စီစဉ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆေးရုံတွင် ဧပြီလ ၂၈ ရက်မှ မေလ ၁ ရက်အထိ နှုတ်ခမ်းကွဲနှင့်အာခေါင်ကွဲ ဝေဒနာရှင်များကို ကုသိုလ်ဖြစ် အခမဲ့ခွဲစိတ်ကုသခြင်းနှင့် ပြန်လည်ပြုပြင်ပေးခြင်းများ လုပ်ဆောင်ပေးမည်ဖြစ်ရာ ကုသလိုသူများအနေနှင့် ဒေါက်တာမြင့်ဇော် ဖုန်း-ဝ၉-၅၁၄၄၇၁၁ နှင့် ဝ၈၄-၂၃၃၃၄ သို့ ဆက်သွယ်ကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ 

ကျိုင်းတုံမြို့နယ် အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် နှုတ်ခမ်းကွဲနှင့်အာခေါင်ကွဲ ကလေးငယ်များ အပါအဝင် လူငယ်အရွယ် ဝေဒနာရှင်များစွာရှိကြောင်း၊ ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ဒေသများ၌ နေထိုင်သည့် ဝေဒနာရှင်များမှာ ခွဲစိတ်ကုသရန် ငွေကြေးအခက်အခဲများရှိ၍ မခွဲစိတ်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ 

R-16