POST TYPE

NEWS

ဟင်္သာတခရိုင်တွင် လူဦးရေတစ်သောင်းကျော် လေပြင်းဒဏ်သင့်၊ နေအိမ် သုံးထောင်ကျော်ပျက်စီး
22-Apr-2018 tagged as လေပြင်း ဟင်္သတ



ဟင်္သာတ၊ ဧပြီ ၂၁

ဟင်္သာတခရိုင်တွင် ဧပြီလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် လေးရက်အတွင်း လူဦးရေ တစ်သောင်းကျော်နေထိုင်သည့် နေအိမ်သုံးထောင်ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဟင်္သာခရိုင်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနထံမှစုံစမ်း သိရှိသည်။ 

ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဧပြီလ ၁၇ ရက် ညနေပိုင်းမှ ဧပြီလ ၂၀ ညနေပိုင်းအထိ အိမ်ခြေသုံးထောင်ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေတစ်သောင်းကျော် လေဘေးဒဏ်သင့်ခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ၏ စာရင်းအရသိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရွာသွန်းမှုများမှာ ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းက အဆိုးရွာဆုံးဖြစ်ပွားခဲ့ပြီး မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာ၊ ကြံခင်းမြို့နယ်တွင် ကျေးရွာ ၂၀ ရွာ၊ အင်္ဂပူမြို့နယ်တွင် ကျေးရွာ ၂၃ ရွာ၊ လေးမျက်နှာမြို့နယ်တွင် ကျေးရွာ ၃ ရွာ၊ ဇလွန်မြို့နယ်တွင် ကျေးရွာ ၉ ရွာ၊ ဟင်္သာတမြို့နယ်တွင် ကျေးရွာ ၅၂ ရွာများမှ စုစုပေါင်းအိမ်ခြေ ၂၀၁၄ အိမ်မှာ အမိုးလန်ခြင်းနှင့် ပြိုကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ယင်းနေ့တွင် ပြိုကျပျက်စီးသည့် လူနေအိမ် ၁၆၄ အိမ်၊ အမိုးလန်ပျက်စီးသည့် လူနေအိမ် ၁၈၅၀ အိမ်ပါဝင်ပြီး လူဦးရေ ၇၄၁၈ ဦး လေဘေးသင့်ခဲ့ကြောင်း၊ ယင်းအပြင် ဓမ္မာရုံ ၂ ခု ၊ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၈ ကျောင်း ထိခိုက်ခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။ 

အဆိုပါ လေဘေးသင့်နေအိမ်များအတွက် တန်ဖိုးအလိုက် ငွေကြေးထောက်ပံ့ပေးမည်ဖြစ်ရာ အမိုးလန်သည့် အဆင့်ဆိုပါက ကျပ်တစ်သောင်းမှ ကျပ်တစ်သိန်းအထိလည်းကောင်း၊ အိမ်ပြိုပျက်စီးမှုများအတွက် ဝါးအိမ်ဖြစ်ပါက ကျပ်တစ်သိန်း၊ သစ်အိမ်ဖြစ်ပါက ကျပ်နှစ်သိန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ယင်းအပြင် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးမှ ၁၆ မျိုးအထိ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဟင်္သာတခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။ 

R-13