News

POST TYPE

NEWS

အင်းတော်တွင် ပေါင်ပုပ်၊ လက်ပုပ် ရောဂါကြောင့် ကျွဲ၊ နွားများ သေဆုံး


ကလေး၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မွေးမြူထားသည့် ကျွဲ၊ နွားများသည် ပေါင်ပုပ်၊ လက်ပုပ်ရောဂါဖြင့် သေဆုံးမှုများရှိနေကြောင်း တက်ခါးကျေးရွာမှ ဦးဇော်ဇော်ဦးက ပြောကြားသည်။ 

အင်းတော်မြို့နယ်အတွင်းရှိ တက်ခါးကျေးရွာ၊ မင်းကုန်းကျေးရွာနှင့် အလယ်ကျွန်းကျေးရွာစသည့် ကျေးရွာသုံးရွာ အလယ်ရှိ စားကျက်ကွင်းပြင်တွင် လွှတ်ကျောင်းထားသည့် ကျွဲ၊ နွားများ သေဆုံးနေခြင်းဖြစ်ပြီး ပေါင်ပုပ်၊ လက်ပုပ် ရောဂါကြောင့် တက်ခါးကျေးရွာမှ ကျွဲ၊ နွားကောင်ရေ ၇ ကောင်ခန့်သည် တစ်ပတ်အတွင်း သေဆုံးခဲ့ကြောင်း၊ ယခင်နှစ်များက ပေါင်ပုပ် လက်ပုပ်ရောဂါဖြင့် သေဆုံးမှုရှိခဲ့သော်လည်း ယခုနှစ်လောက်မများကြောင်း တက်ခါးကျေးရွာ၊ မင်းကုန်းကျေးရွာနှင့် အလယ်ကျွန်းကျေးရွာမှ ကျွဲ၊ နွားမွေးမြူသူများက ပြောဆိုသည်။ 

“ဒီရောဂါက ဗိုင်းရပ်စ်ကြောင့်မဟုတ်ဘဲ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါမို့လို့ ဆေးကုလို့ရတယ်။ ဒီလိုဖြစ်တာကို စောစောစီးစီး သတင်းပို့မယ်၊ ကျွန်တော်တို့ဌာန ဝန်ထမ်းရောက်ပြီး ဆေးကုမယ်ဆို သေနိုင်စရာ အကြောင်းမရှိဘူး။ အခုကကျတော့ တောထဲလွှတ်ထားပြီး ဘယ်သူ့ဟာမှန်းလဲမသိဘူး အချိန်မီကုသမှုကလည်း မလုပ်ဘူး”ဟု အင်းတော်မြို့ မွေးမြူရေးနှင့် တိရစ္ဆာန်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မြင့်ဦးက ဆိုသည်။ 

အဆိုပါ ကျေးရွာသုံးရွာရှိ ကျွဲ၊ နွားကောင်ရေ ၄၅၀ ခန့်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း၊ ကွင်းဆင်းစစ်ဆေးမှုအရ လက်ရှိသေဆုံးသော ကျွဲ၊ နွားများသည် ကာကွယ်ဆေးထိုးစဉ်က ပိုင်ရှင်များက မထိုးပေးသည့် အကောင်များဖြစ်ကြောင်း၊ ပေါင်ပုပ်၊ လက်ပုပ်ရောဂါကြောင့် ကျွဲနွားများ မသေဆုံးရန်အတွက် ဌာန၏ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများကို စိတ်ဝင်စားစွာ တက်ရောက် နားထောင်ကြစေလိုကြောင်း၊ ရောဂါဖြစ်ပွားချိန်တွင် ဌာနကို အသိပေးဆက်သွယ် ဆေးကုသမှုခံယူ ကြစေလိုကြောင်း၊ ကျွဲ၊ နွားများ ပေါင်ပုပ် လက်ပုပ်ရောဂါဖြင့် သေဆုံးသည်ကို တွေ့ရှိပါက သူ့အကောင် ကိုယ့်အကောင် မခွဲခြားဘဲ မြင်တွေ့သူများက ချက်ချင်းမြေမြှုပ်ပေးကြစေလိုကြောင်း၊ ကာကွယ်ဆေးကိုလည်း လိုက်လံထိုးပေးနေပြီဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

R-20