News

POST TYPE

NEWS

တနိုင်းရှိ ပိတ်မိနေသည့် စစ်ရှောင်နှစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး
21-Apr-2018

ရန်ကုန်၊ ဧပြီ ၂၁

ကချင်ပြည်နယ်တနိုင်းဒေသရှိ အောင်လော့ဒ်ကျေးရွာမှ နေရပ်စွန့်ခွာ တိမ်းရှောင်နေသည့်ဒေသခံရွာသား နှစ်ထောင်ကျော်ကို မူလနေရပ်ပြန်နိုင်ရေး ပြည်နယ်အစိုးရနှင့် တပ်မတော်တို့ ဆောင်ရွက်နေသော်လည်း လုံခြုံရေး စိုးရိမ်၍ ဒေသခံများ မူလနေရပ်သို့ မပြန်ကြသေးကြောင်း အဆိုပါဒေသတွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် လူမှုအဖွဲ့များထံ မှစုံစမ်းသိရှိရသည်။

ကချင်ပြည်နယ်အစိုးရနှင့်တပ်မတော်တို့က အောင်လော့ဒ်ကျေးရွာသားများ မူလနေရပ်တွင် ပြန်လည်နေထိုင်နိုင်ပြီဟု ပြောကြားထားသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများက စိုးရိမ်နေပြီး တောတွင်း ဆက်လက် တိမ်းရှောင်နေကြဆဲဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ကူညီကယ်ဆယ်ရေး လုပ်ဆောင်နိုင်ရန် ကြက်ခြေနီအဖွဲ့များကို အောင်လော့ဒ် ကျေးရွာသို့ ဧပြီလ ၁၉ ရက်က တပ်မတော်က ဝင်ရောက်ခွင့်ပေးလိုက်ပြီဖြစ်သော်လည်း ဒေသခံများနှင့် နီးစပ်သည့် လူမှုအဖွဲ့များကို ဝင်ရောက်ခွင့် မပြုခြင်းကြောင့် ဒေသခံများက စိုးရိမ်နေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ နေရပ်ဆက်လက်တိမ်းရှောင် နေဆဲဖြစ်ကြောင်း ကချင်ပြည်နယ်အမျိုး သမီးကွန်ရက်မှ ဒေါ်ဆွတ်ဆိုင်းထွယ်က ပြောကြားသည်။

ဧပြီလ ၂၀ရက်အထိ ယင်းဒေသတွင် တပ်မတော်နှင့် ကေအိုင်အေကြား ပစ်ခတ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဒေသခံများ တိမ်းရှောင်နေသည့် နေရာနှင့် ကြက်ခြေနီအဖွဲ့များ ရောက်ရှိနေသည့် အောင်လော့ဒ်ကျေးရွာကြား ခရီးအရမ်း ကွာဝေးဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

“လက်ရှိမှာတော့ အသင်းအဖွဲ့တွေ အားလုံးက ဘယ်လိုလုပ်ရင် ကောင်းမလဲ၊ ဘယ်လိုလုပ်ရင် သူတို့ကို လုံခြုံတဲ့နေရာ ပို့လို့ရမလဲဆိုတာ ညှိနှိုင်းနေပါတယ်”ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ဆုံခဲ့ပြီးနောက် မူလနေရပ်ကို ပြန်လာနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။

အဆိုပါ အောင်လော့ဒ်ကျေးရွာမှ ဒေသခံ နှစ်ထောင်ကျော်သည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်တည်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသွားခြင်းဖြစ်ပြီး လက်ရှိတွင် ၁၀ ရက်ကျော် ကြာမြင့်နေပြီဖြစ်သည်။

အဆိုပါ နေရပ်စွန့်ခွာသူများတွင် အမျိုးသမီးများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ထိခိုက်ဒဏ်ရာရထားသူများ ပါဝင်နေပြီး ပိတ်မိပြည်သူများ လွတ်မြောက်ရေးအတွက် တနိုင်းမြို့ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဘာသာရေးခေါင်းဆောင် အသီးသီးက ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ အကူအညီတောင်းခံစာကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက ပေးပို့ထားသည်။

သွားရောက် အကူအညီပေးနေသည့် ကြက်ခြေနီအဖွဲ့တွင် ဆန်၊ ခေါက်ဆွဲထုပ်များ၊ ဆေးဝါးများ အပြည့်အစုံ ပါဝင်ကြောင်း ကချင်ပြည်နယ်အစိုးရထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တနိုင်း-ဟူးကောင်း ဒေသအတွင်း ကေအိုင်အေအဖွဲ့က ပြောက်ကျားစစ် ဆင်နွှဲမည်ဟု ထုတ်ပြန်ထားပြီး အဆိုပါ မတိုင်မီကလည်း တပ်မတော်က နယ်မြေ ရှင်းလင်းမှုများ လုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIA/KIO) သည် အပစ်ရပ် လက်မှတ်ထိုးရခြင်း မရှိသေးသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး မြောက်ပိုင်းအဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှု ကော်မတီ FPNCC တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

J-08