News

POST TYPE

NEWS

မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ အစည်းအဝေးပုံစံငယ် ပထမဆုံးအကြိမ် ပြုလုပ်မည်
ရန်ကုန်၊ ဧပြီ ၂၁

မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ ကုလသမဂ္ဂ အစည်းအဝေး ကျင်းပပုံများနှင့် လုပ်ငန်းစဉ်များ ရင်းနှီးကျွမ်းဝင်စေရန် မြန်မာနိုင်ငံ ကုလသမဂ္ဂ အစည်းအဝေးပုံစံငယ်ကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေး ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

မြန်မာနိုင်ငံ ကုလသမဂ္ဂ အစည်းအဝေး ပုံစံငယ်ကို ဧပြီလ ၂၈ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ် စိန်ရတုခန်းမတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း ယင်းကော်မတီက ဧပြီလ ၂၁ ရက်တွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ သတင်းစာ ရှင်းလင်းခဲ့သည်။ 

နိုင်ငံတစ်ဝန်းက လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ကျော်အနက် ရွေးချယ်ခံရသော ၅၀ ဦးကျော် ပါဝင်မည်ဖြစ်ပြီး အစည်းအဝေးကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအစည်းအဝေး ကျင်းပသည့်ပုံစံအတိုင်း ကျင်းပမည်ဖြစ်သည်။ ယင်းအစည်းအဝေးတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးရည်မှန်းချက် (ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် အဖွဲ့အစည်းများ အားကောင်းရေး) ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေး ကျင်းပရေး ကော်မတီခေါင်းဆောင် ကိုသူရအောင်က “ကျွန်တော်တို့ မြန်မာကျောင်းသူ၊ ကျောင်းသားတွေကို ကမ္ဘာ့ကုလသမဂ္ဂနဲ့ ပတ်သက်တဲ့ လုပ်ထုံး၊ လုပ်နည်းတွေကို ရင်းနှီးစေချင်တယ်။ နောက်ပြီး ကမ္ဘာ့ရေးရာနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေ အများကြီး ရစေချင်တယ်”ဟု ပြောကြားသည်။

အဆိုပါ မြန်မာနိုင်ငံ ကုလသမဂ္ဂ အစည်းအဝေး ပုံစံငယ်အပြင် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် အသီးသီးမှ ဥပဒေပညာဌာန ၁၈ ခုက ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀ ခန့် ပါဝင်သော ဒုတိယအကြိမ်မြောက် ဥပဒေကျောင်းသားများ ညီလာခံကိုပါ တစ်ပြိုင်နက် ကျင်းပမည်ဖြစ်သည်။  ယင်းညီလာခံတွင် မြန်မာနိုင်ငံ၌ သေဒဏ်ကို ဆက်လက် ကျင့်သုံးသင့်၊ ဖျက်သိမ်းသင့်နှင့် နည်းပညာခေတ်တွင် ပုဂ္ဂလိကဆိုင်ရာ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုဆိုင်ရာများကို ဆွေးနွေးမည်ဖြစ်သည်။

ဒုတိယအကြိမ်မြောက် ဥပဒေကျောင်းသားများ ညီလာခံတွင် သက်ဆိုင်ရာ တက္ကသိုလ်ကိုယ်စားပြု၍ ပညာရေး၊ သင်ရိုးညွှန်းတမ်းပြင်ပဆိုင်ရာ လှုပ်ရှားမှုများ၊ အစီအစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများနှင့် ကျောင်းသား၊ ကျောင်းသူများတွင် ကြုံတွေ့ရသော အခက်အခဲများကို ဆွေးနွေးမည်ဖြစ်သည်။

ဥပဒေကျောင်းသား ညီလာခံဦးဆောင် ကျင်းပသော အဖွဲ့အစည်းဥက္ကဋ္ဌ ကိုကောင်းမြတ်အာကာက “ဥပဒေကျောင်းသားတွေအနေနဲ့ ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေ အသိုက်အဝန်းကို ဘယ်လိုပြန်ပေးနိုင်မလဲ၊ ဘယ်လိုပွဲမျိုးတွေ လုပ်နိုင်မလဲ ဘယ်လုပ်ရပ်တွေက ဥပဒေအတွက် အထောက်အကူ ဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်မှာပါ”ဟု ပြောကြားသည်။

ပွဲနှစ်ခုလုံးကို အာရှတိုက်အတွင်းရှိ နိုင်ငံပေါင်း ၁၆ နိုင်ငံက ဥပဒေကျောင်းသား၊ ကျောင်းသူများဖြင့် ဖွဲ့စည်းထားသော အာရှဥပဒေကျောင်းသားကျောင်းသူများအသင်း (ASIAN Law Students’ Association)က တာဝန်ယူ အကုန်အကျခံကာ ကျင်းပပေးမည်ဖြစ်သည်။

အစည်းအဝေးတွင် ပါဝင်ခွင့် ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်စားသောက်မှုအတွက်ကိုလည်း အာရှဥပဒေ ကျောင်းသား၊ ကျောင်းသူများအသင်းက တာဝန်ယူမည်ဖြစ်ပြီး ပွဲကျင်းပသည့်နေ့တွင်လည်း မည်သူမဆို လာရောက် လေ့လာနိုင်ကြောင်း အာရှ ဥပဒေကျောင်းသား ကျောင်းသူများ အသင်းထံမှ သိရသည်။

J-19