News

POST TYPE

NEWS

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ရန် လှူဒါန်းငွေ ကျပ်သိန်း တစ်သောင်းကျော်ရ
21-Apr-2018

ရန်ကုန်၊ ဧပြီ ၂၁

၂၀၂၀ခုနှစ်တွင် ရုံတင်ပြသမည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပြည်သူများထံမှ လှူဒါန်းငွေ ကျပ်သိန်း တစ်သောင်းကျော်ရရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဝင် တစ်ဦးက ပြောကြားသည်။

“မည်သူမဆို လှူဒါန်းနိုင်အောင် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဘဏ်အကောင့် ဖွင့်ပေးထားတယ်။ အချိန် ၂ နှစ်နဲ့ အပြီးရိုက်မှာဆိုတော့ ဇာတ်ညွှန်းတွေလည်း အသေးစိတ် ပြန်စိစစ်နေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ယခင်က ကျပ်သိန်းသုံးသောင်း အကုန်အကျခံ ရိုက်ကူးရန် ဇာတ်ညွှန်းရေးသားခဲ့သော်လည်း ယခင် အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ထံမှ လွှဲပြောင်းရရှိငွေ ကျပ် ၈၄၇၂ သိန်းရှိခြင်းကြောင့် ဇာတ်ညွှန်းပိုင်း ပြင်ဆင်ရေးသားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက ပြောကြားထားသည်။

သို့သော် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ပထမအကြိမ် လှူဒါန်းငွေမှ ကျပ် ၂၇၀၅ သိန်းနှင့် ဧပြီလ ၂၀ ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်ဒေသမှ ဦးလီကျိန်းချန်က ကျပ်သိန်း ၃၀၀ နှင့် သုဓမ္မမဏိဇောတဓရဘွဲ့ရ ဦးမောင်မောင်တို့မှ ဆက်လက် လှူဒါန်းသည့်အတွက် စုစုပေါင်းအလှူငွေ ၁၁,၅၇၇ သိန်းအထိ ရရှိခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ဗိုလ်ချုပ်နေရာ၌ သရုပ်ဆောင်ရန် ယခင်က ရွေးချယ်ထားသူ ဘောလုံးသမား ကျော်ကျော်မျိုးနှင့် ဒေါ်ခင်ကြည်နေရာတွင် ပါဝင်သရုပ်ဆောင်မည့် ကျောင်းဆရာမ ဇာခြည်လင်းတို့ဖြင့် ဆက်လက်ရိုက်ကူးရန် စီစဉ်ထားကြောင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဝင်များက ဆိုသည်။

“ရုပ်ရှင်ရိုက်ကူးရေးမှာသုံးဖို့ လက်နက်၊ စက်ပစ္စည်းနဲ့ အဝတ်အစား၊ လိုအပ်ရင် ရဟတ်ယာဉ်ကအစ ကူညီပေးမယ်လို့ ကာကွယ်ရေးဘက်က ပြောထားတယ်။ အဓိက အောင်မြင်အောင် ရိုက်ဖို့ပဲ ကျွန်တော်တို့ ကြိုးစားရမှာပါ”ဟု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းကော်မတီဝင် တစ်ဦးက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရန် သမိုင်း အထောက်အထား လွဲမှားမှုမရှိစေရန် ကြီးကြပ်ဆောင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဥက္ကဋ္ဌတာဝန်ယူကာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ အပါအဝင် အနုပညာ အသိုင်းအဝိုင်းမှ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဦးဇင်ဝိုင်းနှင့် ဦးလူမင်းတို့ဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ရက်တွင် ဖွဲ့စည်းထားသည်။

J-17