News

POST TYPE

NEWS

ရဟန်းတစ်ပါးမောင်းနှင်သည့်ကား တိမ်းမှောက် ရဟန်းနှစ်ပါး ပျံလွန်တော်မူ၊ အမျိုးသမီး ၇ ဦး ဒဏ်ရာရ


တောင်ငူ၊ ဧပြီ ၂၁

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၀၃ အနီးတွင် ယနေ့ ဧပြီလ ၂၁ ရက် နံနက် ၅ နာရီခွဲခန့်က ရဟန်းတစ်ပါးမောင်းနှင်သည့်ကား တိမ်းမှောက်ရာမှ ရဟန်းနှစ်ပါးပျံလွန်တော်မူပြီး အမျိုးသမီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် သီတာအေးရွာ ဓမ္မပါလကျောင်းတိုက်မှ ဦးအိန္ဒာဝုဓ (သက်တော် ၄၆၊ ဝါတော် ၂၆) မောင်းနှင်လာခြင်းဖြစ်ပြီး မိုင်တိုင် ၁၀၃ အနီးအရောက် ညာဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးဆင်းတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးအိန္ဒာဝုဓနှင့် ဦးဝိလာသတို့ ဦးခေါင်း ပြင်းထန်ထိခိုက်ဒဏ်ရာရပြီး ပျံလွန်တော်မူခဲ့သည်။ အတူပါလာသည့် အမျိုးသမီး ၇ ဦးလည်း ဒဏ်ရာအသီးသီးရရှိသဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံနှင့် ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးထားကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဒဏ်ရာရသည့် အမျိုးသမီး ၇ ဦးမှာ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ထောက်ရှာတန်းကျေးရွာအုပ်စု၊ အိုင်တိုကျေးရွာနေသူများဖြစ်ကြောင်း၊ အမှုနှင့်ပတ်သက်ပြီး ယာဉ်မောင်း ဦးအိန္ဒာဝုဓကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က)၊ ၃၃၈၊ ၃၃၇ ဖြင့် အမှုဖွင့်ထားကြောင်း မြို့ချောင်းအမြန်လမ်းရဲစခန်းထံမှ သိရှိရသည်။

R-15