News

POST TYPE

NEWS

အလောင်းတော်ကဿပ ဘုရားဖူးလမ်း ဧပြီ ၂၁ ရက်နေ့ ပိတ်မည်
19-Apr-2018



မုံရွာ၊ ဧပြီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ဘုရားပွဲပိတ်ပွဲကို ဧပြီလ ၂၁ ရက်နေ့၌ တောင်ပေါ်စံကျောင်းတော်ရှိရာတွင် ကျင်းပမည်ဖြစ်ပြီး ဘုရားဖူးလမ်းကိုလည်း ပိတ်သွားမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အလောင်းတော်ကဿပ လျောင်းတော်မူ စံကျောင်းနှင့် နာယကကျောင်းများရှိရာ တောင်ပေါ်တွင် ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ပုလဲမြို့နယ်လေးခုမှ ဂေါပကဆရာတော်၊ မြို့နယ်သံဃနာယက ဆရာတော်များနှင့် တာဝန်ရှိသူများ လေးလရာသီအတွင်း အခြေအနေအရပ်ရပ်ကို အစည်းအဝေးကျင်းပပြီးနောက် အဆင်းလမ်းတစ်လျှောက် ဂုန်ညှင်းပင်စခန်းအထိ ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ကာ ဘုရားဖူးလမ်းကို ပိတ်မည်ဖြစ်ကြောင်း ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

“နှစ်ဆန်းတစ်ရက်နေ့မှာ ပိတ်ဖို့က အများစုက မအားလပ်ကြတော့ ဧပြီ ၂၁ မှာ ပိတ်မှာပါ။ လျောင်းတော်မူကိုယ်တော်ကြီးကို ဆွမ်းကပ်လှူမည့် ကျောင်းတော်စောင့် ကိုယ်တော်တွေကတော့ ရှိမှာပါ။ အမျိုးသားဥယျာဉ်အဝင် ဂုန်ညှင်းပင်က ဂိတ်ကို သွပ်ဆူးတွေတားပိတ်ပြီး လမ်းကိုလည်း ပိတ်မှာပါ”ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် သင်္ကြန်ကာလအပြီး မိုးစတင်ရွာသွန်းနေပြီဖြစ်သည့်အတွက် ဘုရားဖူးလမ်းကို ပိတ်ရခြင်းဖြစ်ကြောင်း အလောင်းတော်ကဿပ ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။ 

အလောင်းတော်ကဿပဘုရားသည် အာဆီယံအမွေအနှစ်စာရင်းဝင် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း၌ တည်ရှိကာ တစ်နှစ်ပတ်လုံးတွင် ပွင့်လင်းရာသီချိန်တွင်သာ ဖူးမြော်နိုင်၍ ပြီးခဲ့သည့် မိုးရာသီတွင်းက မိုးများခဲ့သည့်အတွက် အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှသာ ဖွင့်လှစ်နိုင်ခဲ့သည်။

R-08


  • VIA