News

POST TYPE

NEWS

တစ်ရက်လျှင် အရက်တစ်ခွက်သောက်သုံးရုံမျှဖြင့် အသက်တိုနိုင်ကြောင်း သုတေသနစစ်တမ်းများ ဖော်ပြ
17-Apr-2018



နယူးယောက်၊ ဧပြီ ၁၇

သုတေသနစစ်တမ်းကောက်ယူရေးပညာရှင်များသည် အရက်သောက်သုံးမှုဖြင့် သက်ဆိုင်သော စစ်တမ်းတစ်ရပ်ကို ထုတ်ပြန်ကြေညာလိုက်ရာ ယင်းစစ်တမ်းအရ တစ်ရက်လျှင် အရက်တစ်ခွက်သောက်ရုံမျှဖြင့်ပင် လူ့တစ်ဦး၏ပျမ်းမျှသက်တမ်းမှာ တိုသွားနိုင်ကြောင်း တွေ့ရှိလိုက်ကြရသည်ဟု BBC က ဖော်ပြထားသည်။

အရက်ဟုဆိုရာတွင် ဘီယာကဲ့သို့သော ယာမကာများလည်း အကျုံးဝင်ပါရှိပြီး ၎င်းတို့အနေနှင့် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နေ့စဉ်ပုံမှန် ယာမကာမှီဝဲလေ့ရှိသူပေါင်း ခြောက်သိန်းကို စနစ်တကျ လေ့လာဆန်းစစ်အပြီးတွင်မှ ယခုကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ပညာရှင်များက ပြောကြားထားကြသည်။

သုတေသနလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သီတင်းတစ်ပတ်၌ အရက်ကို ငါးခွက်မှနေ၍ ဆယ်ခွက်အကြား သောက်သုံးသူများသည် ပုံမှန်သက်တမ်းအောက် ခြောက်လနှင့်အထက် သက်တမ်းတိုသွားတတ်လေ့ရှိသည်ကို တွေ့ရှိခဲ့ရပြီး သီတင်းတစ်ပတ်တွင် အရက် ၁၈ ခွက်နှင့်အထက် သောက်သုံးသူများမှာ သက်တမ်း ငါးနှစ်နှင့်အထက် အသက်တိုသွားနိုင်ကြောင်း ယင်းသုတေသနစစ်တမ်းက အသိပေးထားသည်။

သီတင်းတစ်ပတ်လျှင် အရက်ပမာဏ ၁၂ ဒသမ ၅ ယူနစ်ခန့်စီ ပုံမှန်သောက်သုံးသူများသည် လေဖြတ်ရောဂါဖြစ်နိုင်စွမ်း ၁၄ ရာခိုင်နှုန်း မြင့်တက်နိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေ ကိုးရာခိုင်နှုန်း မြင့်တက်လာနိုင်ကြောင်း ယင်းသုတေသနစစ်တမ်းများက ဖော်ပြထားသည်။