News

POST TYPE

NEWS

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်မည်
17-Apr-2018



ဟနွိုင်း၊ ဧပြီ ၁၇


မြန်မာနိုင်ငံ၏နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ၏ဖိတ်ကြားမှုအရ ဗီယက်နမ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်လိမ့်မည်ဖြစ်ကြောင်း Vietnam News က ဖော်ပြထားသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နက်နိုင်ငံသို့ ဧပြီလ ၁၉ ရက်နေ့တွင် သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်မှာ ဧပြီလ ၁၉ ရက်မှ ၂၀ ရက်အထိ နှစ်ရက်သာ ကြာမြင့်လိမ့်မည်ဟုလည်း Vietnam News က ရေးသားထားသည်။


မြန်မာနှင့် ဗီယက်နမ်အကြားတွင် ၁၉၇၅ ခုနှစ်ကစ၍ ကူးလူးဆက်ဆံမှုများရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေးရရှိရေးနှင့် တိုင်းပြည်ပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် မြန်မာက ဗီယက်နမ်ကို အကူအညီပေးခဲ့သည့် သမိုင်းအထောက်အထားများလည်း ရှိခဲ့သည်။


ဗီယက်နမ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Nguyen Phu Trong သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လ၌ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ် လာရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ယခုထက်ပို၍ တိုးမြှင့်နိုင်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ၏နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗီယက်နမ်ဝန်ကြီးချုပ်က အလည်အပတ်ခရီးဖိတ်ကြားခြင်းဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။


မြန်မာနှင့် ဗီယက်နမ်အကြား ကုန်သွယ်ငွေ အပြန်အလှန်စီးဆင်းမှုပမာဏသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၈၂၈ ဒသမ ၃ မီလီယံရှိခဲ့ပြီး ယင်းမှာ ၂၀၁၆ ခုနှစ်ကထက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ ၅၁ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း စစ်တမ်းများက ဖော်ပြထားသည်။


ဗီယက်နမ်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ဆောင်နေသော နိုင်ငံများအနက်တွင် အဆင့်ခုနစ်နေရာသို့ တက်လှမ်းရောက်ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံ၏လုပ်ငန်းကဏ္ဍပေါင်း ၇၀ တွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းစုများ ရင်းနှီးမြှုပ်နှံထားမှုပမာဏမှာ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံဝန်းကျင်ရှိနေပြီဖြစ်သည်။