News

POST TYPE

NEWS

ဆောင်းခရန်ရေသဘင်ပွဲတော်တွင် ငါးရက်အတွင်း လူ ၃၂၃ ဦး သေဆုံး

ဘန်ကောက်၊ ဧပြီ ၁၆

ထိုင်းနိုင်ငံတွင်ကျင်းပနေသည့် ဆောင်းခရန်ရေသဘင်ပွဲတော်၌ ငါးရက်အတွင်း လူပေါင်း ၃၂၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသခံနေရသူအရေအတွက်မှာ ၃,၁၄၀ ဦးရှိနေပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။

ထိုင်းအစိုးရအာဏာပိုင်များသည် ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အတွင်း ရရှိသော သတင်းအချက်အလက်များကို အခြေခံ၍ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုစာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ယင်းငါးရက်အတွင်း နိုင်ငံတစ်ဝန်းတွင်ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု အရေအတွက်မှာ သုံးထောင်ကျော် ရှိခဲ့ကြောင်းလည်း ထိုင်းအစိုးရက အသိပေးထားသေးသည်။

လွန်ခဲ့သည့် ဧပြီလ ၁၅ ရက်(တနင်္ဂနွေနေ့)တစ်နေ့တည်းတွင် ဆောင်းခရန်ရေသဘင်ပွဲတော်ပါဝင်ဆင်နွှဲခဲ့သူများအနက်မှနေ၍ လူ ၆၉ ဦး အသက်ဆုံးရှုံးခဲ့ရကာ ၅၈၉ ဦး ထိခိုက်ဒဏ်ရာရကာ ဆေးရုံရောက်ခဲ့ပြီး ယာဉ်မတော်တဆဖြစ်ပွားမှုမှာ ၅၅၂ ခုရှိခဲ့ကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။

အရက်သေစာ သောက်စား၍ ယာဉ်မောင်းနှင်ခြင်းသည် ယာဉ်မတော်ဆမှုဖြစ်ပွားနှုန်းကို များစွာမြင့်တက်စေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က မှတ်ချက်ပေးထားပြီး ယာဉ်မတော်တဆမှု အားလုံးအနက် ၄၂ ဒသမ ၀၃ ရာခိုင်နှုန်းမှာ ယင်းအချက်ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားထားသည်။

ယာဉ်မတော်တဆမှုအများစုသည် မော်တော်ဆိုင်ကယ်စီးနင်း၍ ရေသဘင်ပွဲလည်ပတ်သူများနှင့်ဆက်နွှယ်နေပြီး ယာဉ်မတော်တဆမှုဖြစ်စဉ်အားလုံးအနက်မှနေ၍ ၇၈ ဒသမ ၅၃ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်တိုက်မှုများ ဖြစ်နေသည်။

E-11