News

POST TYPE

NEWS

ကျုံးပတ်လည်တွင် သတ်မှတ်ပေထက် ပိုမိုဆောက်လုပ်သည့် မဏ္ဍပ်များကို ဒဏ်ရိုက်
11-Apr-2018 tagged as မန္တလေး


မန္တလေး၊ ဧပြီ ၁၁


မန္တလေးမြို့တော် ကျုံးပတ်လည်မှ မဏ္ဍာပ်ငါးခုသည် စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ခွင့်ပြုထားသည့် အကျယ်အဝန်းထက် ပိုမိုဆောက်လုပ်သည့်အတွက် တစ်ပေလျင် ၂ သိန်းကျပ်နှုန်းဖြင့် ဒဏ်ရိုက်ခဲ့ရာ စုစုပေါင်းဒဏ်ကြေး သိန်း ၂၀၀ ကျော်ခန့် ရရှိထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ထံ မှ သိရသည်။


"ကျွန်တော်တို့ စည်ပင်သာယာရေး ကော်မတီက မဏ္ဍပ်ကြီးတစ်ခုကို ပေတစ်ရာ ပေသုံးဆယ် အကျယ်အဝန်းနဲ့ ခွင့်ပြုထားတာမှာ မဏ္ဍပ်ငါးခုလောက်က ပေ တစ်ရာထက်ကျော် လွန်ဆောက်လုပ်ထားတာကို စစ်ဆေးတွေ့ရှိရတယ်။ ဒါကြောင့် အရေးယူဒဏ်ရိုက်ထားပါတယ်"ဟု စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။


စည်ပင်သာယာရေးကော်မတီက ဖျော်ဖြေရေးမဏ္ဍပ်ကြီးတစ်ခုလျင် မျက်နှာဖွင့်ပေ ၁၀၀ ၊အနောက်အကျယ် ပေ ၃၀ သာ ခွင့်ပြုထားခြင်းဖြစ်ပြီး အချို့မဏ္ဍပ်များက ယင်းအကျယ်အဝန်းထက် နေရာပိုယူကာ ဆောက်လုပ်ထားခြင်းဖြစ်သည်။


မန္တလေးကျုံးအနောက်ဘက်ခြမ်း လမ်း ၈၀ နှင့် ၂၃ လမ်းထောင့်နေရာတွင် ဆောက်လုပ်ခွင့်ရထားသည့် MBA ဖျော်ဖြေရေးမဏ္ဍပ်ကြီးသည် အကျယ်အဝန်းထက် ပေ ၂၀ ခန့်အထိပိုမိုဆောက်လုပ်ထားသည့်အပြင် သုံးထပ်အထိ ဆောက်လုပ်ခဲ့သည့်အတွက် စည်ပင်သာယာရေးကော်မတီက စစ်ဆေးကာ တစ်ထပ်ကိုပြန်လည် ဖျက်ချရန် ညွှန်ကြားထားပြီး ဒဏ်ကြေးအနေဖြင့် သိန်း လေးဆယ် ပေးဆောင်ခဲ့ရသည်။


စည်ပင်သာယာရေး ကော်မတီက မဏ္ဍာပ်ကြီးများကို ကျုံးပတ်လည်တွင် ချထားပေးခဲ့ရာ ကျုံးအရှေ့ဘက် ၆၆ လမ်း (၁၂ လမ်းမှ ၁၉ လမ်း) အထိ မဏ္ဍပ်ကြီး (၅) နေရာ၊ ကျုံးအနောက်ဘက် လမ်း၈၀(၁၉ လမ်းမှ ၂၆ လမ်း) အထိ မဏ္ဍပ်ကြီး (၉) နေရာနှင့် ကျုံးမြောက်ဘက် ၁၂ လမ်း (၆၆လမ်း မှ လမ်း ၈၀) အထိ မဏ္ဍပ်ကြီး (၁၀) ရှိမည်ဖြစ်သည်။


M-04