News

POST TYPE

NEWS

ပြည်တွင် သင်္ကြန်မဏ္ဍပ်များ စီစီတီဗီတပ်ရန် ညွှန်ကြား
06-Apr-2018



ပြည်၊ ဧပြီ ၅

ပြည်မြို့နယ်အတွင်းရှိ သင်္ကြန်ရေကစား မဏ္ဍပ်များ၌ စီစီတီဗီလုံခြုံရေးကင်မရာများ တပ်ဆင်ထားပြီး အမြဲဖွင့်ထားရန်ညွှန်ကြားထားကြောင်း ပြည်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်​ ၂၄ ခု၊ ကျေးရွာအုပ်စုငါးခုတွင် အုပ်စုအဖွဲ့အလိုက် မဏ္ဍပ်​လေးခုရှိပြီး လုံခြုံရေးအတွက် အချိန်ပြည့် စောင့်ကြည့်နိုင်မည့် လုံခြုံရေးကင်မရာတပ်ဆင်ခြင်း၊ ထူးခြားမှုဖြစ်ပွားသည်နှင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားရန်လည်း ညွှန်ကြားထားကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ စီစီတီဗီကင်မရာနဲ့ပဲ အဆုံးအဖြတ်ပေးရတာပဲ။ အဲဒါကြောင့် ဒါကို မဖြစ်မနေတပ်ဆင်ပေးပါ။ တပ်ပြီးမှပဲ မဏ္ဍပ်တွေကို ခွင့်ပြုမယ်လို့ပြောခဲ့ပါတယ်”ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးပြုံးလွင်က ပြောဆိုသည်။

ယခုနှစ် သင်္ကြန်​မဏ္ဍပ်များတွင် ရဲလုံခြုံရေး အင်အားချထားပေးမည် မဟုတ်ဘဲ ရပ်ကင်းနှင့် လှည့်ကင်းများသာရှိမည်ဖြစ်ပြီး စီစီတီဗီတပ်ရန် အရေးကြီးကြောင်း၊ မဏ္ဍပ်​တာဝန်ခံက နေ့စဉ်ထူးခြားမှု ဖြစ်စဉ်များကိုလည်း ရဲတပ်ဖွဲ့ထံအကြောင်း ကြားရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“စီစီတီဗီတပ်ထားပြီး တချို့တွေက ပျက်စီးမှာ ရေထိမှာကြောက်လို့ တပ်တော့ထားတယ်။ မဖွင့်ထားဘူး။ တကယ်မလုပ်ဘူးဆိုလည်း စစ်ဆေးလို့ တွေ့ရှိရင် မဏ္ဍပ်​ခွင့်မပြုပါဘူး”ဟု ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်မြို့နယ်အတွင်း ဒေသန္တရအမိန့် အမှတ်(၄/၂၀၁၈) ကိုလည်း ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး သရုပ်ပျက် ဝတ်စားဆင်ယင်မှု၊ ရေကစားမှုများ၊ မူးယစ်သေစာများကို လိုင်စင်မရှိဘဲ ရောင်းချခြင်းမပြုရန်၊ ရေပက်ခံကားများတွင် အရက်သေစာများ တင်ဆောင်ခြင်းမပြုရန်၊ ဆိုင်ကယ်အိတ်ဇောဖြုတ်မောင်းခြင်း၊ တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ခြင်းမပြုရန် အပါအဝင် တားမြစ်ချက် ၁၆ ချက်ကို ထုတ်ပြန်ထားပြီး လိုက်နာမှုမရှိက တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

M-06

  • VIA