News

POST TYPE

NEWS

ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်း
ထားဝယ်၊ ဧပြီ ၅

ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း ခရိုင်အတွင်းရှိ တက္ကသိုလ်ကျောင်းသားများသမဂ္ဂများထံမှ သိရသည်။

လက်ရှိတွင် ခရိုင်ကျောင်းသားများ သမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကျောင်းသားအများစုမှာ ကျောင်းပြီးကာ ပြင်ပရောက်ရှိနေကြပြီဖြစ်သောကြောင့် ခရိုင်သမဂ္ဂကို အသစ်ပြန်လည်ဖွဲ့စည်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း နည်းပညာတက္ကသိုလ် (ထားဝယ်) ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ခန့်မော်က ပြောသည်။

“အစီအစဉ်အသေးစိတ်ကိုတော့ မရေးဆွဲရသေးဘူး။ ဒီလ (ဧပြီ) ထဲမှာတော့ အစည်းအဝေးထပ်လုပ်ဖို့ရှိတယ်”ဟု ကိုအောင်ခန့်မော်က ဆိုသည်။

ခရိုင်ကျောင်းသားများသမဂ္ဂကို ပြန်လည်ဖွဲ့စည်းပြီးပါက ခရိုင်အတွင်းရှိ ကျောင်းသားများအရေးကို ကျောင်းသားများ သမဂ္ဂအချင်းချင်း ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုစိုးမိုးအောင်က ပြောသည်။

ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအမည်ဖြင့် နည်းပညာတက္ကသိုလ် (ထားဝယ်)၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) နှင့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များဖြင့် ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ယင်းသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းလွင်ဦးက ပြောသည်။

ယင်းနောက် ၂၀၁၅ ခုနှစ်တွင် ထားဝယ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံ၊ သူနာပြုသင်တန်းကျောင်း၊ ပညာရေးကောလိပ် စသည်တို့မှ ကျောင်းသားများကို ကိုယ်စားပြုနိုင်ရန်အတွက် ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂအမည်ဖြင့် ထပ်မံဖွဲ့စည်းခဲ့သည်။

Dawei Watch