News

POST TYPE

NEWS

လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်ကျင်းပမယ့် မန္တလေးသင်္ကြန်


မောင်သန့်၊ အေးစုမွန်

မန္တလေးသင်္ကြန်ဆိုတာနဲ့ ကျုံးမြို့ရိုးကြီးပတ်လည် မဏ္ဍပ်တွေမှာ လည်ပတ်သူတွေနဲ့ တိုးမပေါက်အောင် စည်ကားလှတယ်ဆိုတာ မန္တလေးသင်္ကြန် လည်ပတ်ဖူးသူတိုင်း သိကြမှာပါ။

ကျုံးပတ်လည်မှာ နှစ်စဉ်ကျင်းပလာတဲ့ သင်္ကြန်ပွဲတော်ကို မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၇ ခုနှစ်ကစပြီး တစ်မူထူးခြားအောင် လုပ်ခဲ့ပါတယ်။ လမ်းလျှောက်သင်္ကြန်ဆိုပြီး ထည့်သွင်းကျင်းပလိုက်တာပါပဲ။ အောင်မြင်မှုရခဲ့တဲ့ အစီအစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း လမ်းလျှောက် သင်္ကြန်အပြင် တောသင်္ကြန်အစီအစဉ်ကိုပါ ထပ်မံထည့်သွင်းထားပါတယ်။ 

မြို့တော်မဏ္ဍပ်ရှေ့မှာ သင်္ကြန်အကြိုနေ့ နံနက်အစောပိုင်းမှာ ဖွင့်ပွဲလုပ်ပြီးတာနဲ့လမ်းလျှောက် သင်္ကြန်ကို ခံစားနိုင်ကြမှာပါ။

ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းတစ်လျှောက်၊ အရှေ့ဘက်ထိပ် ၆၆ လမ်းကနေအနောက်ဘက် ၇၈ လမ်းအထိ လမ်းတစ်လျှောက်လုံးကို လမ်းလျှောက်သင်္ကြန်ကျင်းပမယ့်နေရာလို့ မြို့တော်စည်ပင်က သတ်မှတ်ထားပါတယ်။ အဲ့ဒီနေရာအပိုင်းအခြားမှာ ကားတွေ၊ ဆိုင်ကယ်တွေရှိမနေဘဲ လမ်းလျှောက်သူတွေနဲ့ ပြည့်နေမှာပါ။ 

အဲဒီနေရာမှာ ရေပိုက်ငယ်လေးတွေနဲ့ ရေကစားကြမှာပါ။ ဒါ့အပြင် စတုဒိသာမဏ္ဍပ်လေးတွေလည်း ရှိနေမှာဖြစ်ပါတယ်။ ဧပြီလရဲ့ နွေပူပူအောက်မှာ လည်ပတ်ကြရသူတွေ အမောပြေအောင် အအေးတိုက်ကြတဲ့ မဏ္ဍပ်တွေ၊ အဆာပြေသရေစာကျွေးတဲ့ မဏ္ဍပ်တွေရှိနေမယ့်နေရာလို့ ဆိုနိုင်ပါတယ်။ ယဉ်ယဉ်ကျေးကျေး ရေကစားလိုတဲ့သူတွေ ဣိနြေ္ဒရရရေ ကစားနိုင်အောင် စီစဉ်ထားတာပါ။

အဲဒီမှာ ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုဖြစ်တဲ့ မြို့တော်မဏ္ဍပ်ကြီးတစ်ခုပဲရှိနေမှာပါ။ ကျန်တဲ့မဏ္ဍပ်အားလုံးဟာ ရေကစားမဏ္ဍပ်ငယ်လေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မနက်ခင်းကတည်းက အေးအေးဆေးဆေး ရေကစားရင်း လမ်းလျှောက်ပြီး လည်ပတ်နိုင်မယ့်နေရာပါ။ 



လမ်းလျှောက်သင်္ကြန်ဖြစ်တာကြောင့် ယာဉ်ဝင်လို့မရတဲ့အတွက် ကားတွေ၊ ဆိုင်ကယ်တွေ အပ်ထားခဲ့ရမှာပါ။ အပ်ထားခဲ့တဲ့ယာဉ်ကိုပြန်မယူပဲ ကျန်တဲ့ဘက်တွေကို ပတ်မယ်ဆိုရင်တော့ လမ်းဆက်လျှောက်ရမှာဖြစ်ပါတယ်။ အဲ့ဒီကနေမှ ကျုံးအရှေ့ဘက်ခြမ်းနဲ့ ကျုံးအနောက်ဘက်ခြမ်းကို သွားနိုင်မှာပါ။

ကျုံးအရှေ့ဘက်ခြမ်းမှာတော့ မဏ္ဍပ်ကြီး အနည်းငယ်ရှိပါတယ်။ မန္တလေးတိုင်းလွှတ်တော်က ပြုလုပ်ထားတဲ့ မဏ္ဍပ်ကြီးတစ်ခု ရှိပါမယ်။ ဒါ့အပြင် ပုဂ္ဂလိကမဏ္ဍပ်အချို့ကလည်း အဆိုတော်တွေ၊ မော်ဒယ်လ်တွေနဲ့ဖျော်ဖြေကြမှာပါ။ အဲ့ဒီမဏ္ဍပ်ကြီးတွေကနေမှတစ်ဆင့် ကျုံးရဲ့မြောက်ဘက်ကိုဆက်သွားရင်လည်း ဖျော်ဖြေရေးမဏ္ဍပ်ကြီးတွေကို တွေ့ရမှာပါ။ ကျုံးအနောက်ဘက်ခြမ်းကတော့ တစ်ပိုင်တစ်နိုင် မိသားစု ရေကစားမဏ္ဍပ်လေးတွေ အများစုရှိနေမှာပါ။ မန္တလေး ကျုံးဆိုတာ မဏ္ဍပ်တွေအများစု တည်ရှိနေတဲ့နေရာ၊ ရေအရင်းအမြစ်ကြီးရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာကျင်းပခဲ့တဲ့ လူငယ်သင်္ကြန်ပွဲကို ဒီနှစ်မှာတော့ ကျင်းပနိုင်မှာ မဟုတ်တော့ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေကို လေလံစနစ်နဲ့ လုပ်ကိုင်ခွင့်ပေးဖို့ မြို့တော်စည်ပင်က စီစဉ်ခဲ့ပေမယ့် လေလံဆွဲသူ မရှိတာကြောင့် ဒီနှစ်မှာမကျင်းပတော့တာပါ။ 

ကျုံးဘေးသင်္ကြန်မှာ မနက်ခင်းရေကစားပြီးချိန်ဟာ နေ့လယ်စာစားချိန်ရောက်နေလောက်ပါပြီ။ အဲ့ဒီတော့ ထမင်းစားမလား။ နေ့လယ်စာအတွက် အကောင်းဆုံးအကြံပေးလိုတဲ့နေရာတွေကတော့ စတုဒိသာကျွေးကြတဲ့နေရာတွေပါ။

မုန့်လုံးရေပေါ်ကစပြီး ထမင်းဟင်းအပြည့်အစုံ ကျွေးမွေးကြတဲ့ အလှူရှင်တွေပေါများလှတာ မန္တလေးသင်္ကြန်ရဲ့ ယဉ်ကျေးမှုတစ်ခုလို့ပြောမယ်ဆိုရင် လွန်မယ်လို့မထင်ပါဘူး။ 

မဟာမုနိဘုရားကြီးရဲ့ အနောက်မုခ်ကနေ အမရပူရကိုသွားတဲ့လမ်းအတိုင်း လိုက်သွားလိုက်ပါ။ စတုဒိသာကျွေးတဲ့ အလှူအိမ်တွေ တစ်တန်းကြီးတွေ့ရမှာပါ။ အများသူငါပျော်ပျော်ပါးပါး တိုးဝှေ့ပြီး စတုဒိသာထမင်းဟင်းစားရတာ ပျော်စရာကောင်းလှသလို အလှူရှင်တွေကျွေးတဲ့ ငါးခြောက်ဟင်းက အရသာရှိလှပါလိမ့်မယ်။

မန္တလေးဟာ အညာဒေသထဲမှာပါတာကြောင့် ပူပါတယ်။ နေ့လယ်ခင်းအပူချိန်မြင့်တဲ့အချိန်မှာ ရေကစားချိန် ကန့်သတ်ထားပါတယ်။ စတုဒိသာထမင်း စားပြီးချိန်ဟာ ရေကစားနားတဲ့အချိန်ဖြစ်ဖို့များပါတယ်။ အဲ့ဒီတော့ ထမင်းစားပြီးပြီဆိုရင် ဘယ်ကိုသွားကြမလဲ။

မန္တလေးမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ ကမ္ဘာကျော်တံတားကြီးကိုပိုင်ဆိုင်ထားတဲ့ အမရပူရမြို့နယ်ထဲက တောင်သမန်အင်းဘက် ဦးတည်လို့ရပါတယ်။ အဲဒီမှာဦးပိန်တံတားကြီးရဲ့အလှအပကို ချမ်းတုံတုံနဲ့ ခံစားနိုင်ပါလိမ့်မယ်။

တောင်သမန်အင်းကနေ ထွက်ပြီဆိုတာနဲ့ တွေ့ရမှာက ရေကစားမဏ္ဍပ်ငယ်လေးတွေပါပဲ။ အင်းပေါင်တစ်လျှောက် ရေခွက်တွေ ရေပုံးကြီးငယ်တွေနဲ့ ရေပက်နေကြတဲ့သူတွေကို တွေ့ရမှာပါ။ အမရပူရမြို့ကိုဖြတ်ရင်လည်း ရေကစားမဏ္ဍပ်တွေကိုတွေ့ရမှာပါ။ တစ်လမ်းလုံးရေခြောက်စရာ အကြောင်းမရှိပါဘူး။

အဲဒီကနေ တစ်ပတ်မပြည့်ခဲ့သေးတဲ့ ကျုံးပတ်လည်ကိုပြန်တိုးမလား။ ကိုယ့်အဖွဲ့နဲ့ ကိုယ်သဘောတူရာကို ချီတက်ကြတာပေါ့။ ဒါ့အပြင် မန္တလေးမြို့ရဲ့ အရှေ့ဘက်သိပ်မဝေးလှတဲ့ ရဲရွာရေလှောင်တမံကို သွားတဲ့လမ်းတစ်လျှောက်မှာလည်း လည်ပတ်စရာနေရာတွေရှိပါသေးတယ်။ သုံးမိုင်၊ ငါးမိုင်၊ ခြောက်မိုင်၊ ခုနစ်မိုင် စတဲ့ရေကစားဥယျာဉ်တွေရှိသလို ဝှက်ကားဆင်စခန်း၊ ဝါးနက်ဆင်စခန်းလို့ခေါ်တဲ့ ငါးမိုင်ဆင် စခန်းစတဲ့ လည်ပတ်စရာနေရာတွေ ရှိပါသေးတယ်။ သင်္ကြန်လေးရက်အတွင်း လည်ပတ်မယ့်နေရာတွေအတွက် အချိန်စီမံခန့်ခွဲမှုကောင်းရင်တော့ နေရာအနှံ့ရောက်ပါလိမ့်မယ်။ ဒါတွေကတော့ ရေပက်ခံထွက်မယ့်သူတွေအတွက်ပါ။

ရေပက်ခံမထွက်ဘဲ မဏ္ဍပ်ထိုင်ပြီး ရေကစားကြမယ့်အဖွဲ့တွေလည်းရှိမှာပါပဲ။ မဏ္ဍပ်ထိုင်ပြီး ရေကစားလိုသူတွေကတော့ ကိုယ်နှစ်သက်ရာမဏ္ဍပ်မှာ ထိုင်ကြမှာပါပဲ။ The Rave ဖျော်ဖြေရေးမဏ္ဍပ်ကတော့ နိုင်ငံတကာနဲ့ ပြည်တွင်းက DJ အဖွဲ့တွေနဲ့ ဖျော်ဖြေမယ်လို့ ကြေညာထားပါတယ်။ အဖွဲ့ ၁၆ ခု ပါဝင်မှာဖြစ်ပြီး နိုင်ငံတကာ DJ သမား ၂၂ Bullets,New ID နှင့် ETMIZ တို့အပြင် ပြည်တွင်း DJ 13 ၁၃ ဖွဲ့ပါမယ်လို့ စီစဉ်သူတွေက ကြေညာထားပါတယ်။

မဏ္ဍပ်ထိုင်မယ့်သူတွေအတွက် လတ်တလော ပေါက်ဈေးတွေက ငါးယောက်စာ VVIP လက်မှတ်ဆိုရင် ကျပ်သုံးသိန်းဝန်းကျင်၊ တစ်ဦးချင်း VIP လက်မှတ်ဆိုရင် သုံးသောင်းဝန်းကျင် ဈေးပေါက်နေပါတယ်။

ဒါ့အပြင် ဒီနှစ်မန္တလေးသင်္ကြန်ရဲ့ အထူးအစီအစဉ်သစ်ရှိနေပါသေးတယ်။ မန္တလေးကျုံးမြို့ရိုးရဲ့ အရှေ့ဘက် ၁၉ လမ်းကနေ ၂၄ လမ်းလောက်အထိ တောသင်္ကြန်ညဈေးဆိုတဲ့အစီအစဉ်တစ်ခု မြို့တော်စည်ပင်က ထည့်သွင်းစီစဉ်ထားတာပါ။ အဲ့ဒီသင်္ကြန် ညဈေးမှာက “တော”၊ “ညဈေး” စတဲ့ စကားလုံးတွေနဲ့အညီ တောဆန်ဆန်၊ ဈေးတစ်ခုတွေ့ရမှာပါ။ မြန်မာ့ရိုးရာ မုန့်အများစု ရောင်းချခွင့်ပြုမှာဖြစ်တယ်လို့ မြို့တော်စည်ပင်တာဝန်ရှိသူတွေက ပြောထားပါတယ်။ မြန်မာမုန့်အများစုကို ဝယ်ယူစားသောက်နိုင်မယ့်နေရာတစ်ခုပါ။

အဲဒီညဈေးမှာ ရှေးတုန်းကလို ပိတ်ကားထောင် ရုပ်ရှင်ကားတွေကြည့်ခွင့်ရမှာပါ။ မြန်မာ့ရုပ်ရှင်ကားတွေကို ပိတ်ကားပေါ်မှာ ပြသမှာဖြစ်ပါတယ်။ ရွာတွေမှာ ဘုရားပွဲရှိတဲ့အချိန် ပိတ်ကားထောင်ပြသလိုဖြစ်မှာပါ။ မုန့်စားရင်း ပိတ်ကားထောင်ကြည့်ခွင့်ရမယ့် အခွင့်အရေးတစ်ခုပါ။ 

ဒီအစီအစဉ်ကိုလည်း မန္တလေးမြို့သူမြို့သားတွေအပါအဝင် မန္တလေးသင်္ကြန်ကို လာရောက်လည်ပတ်ကြတဲ့သူတွေအားလုံး စိတ်ဝင်စားကြမယ့် အစီအစဉ်တစ်ခုဖြစ်မှာပါ။

လည်ပတ်ပျော်ပါးသူတွေအတွက် လည်ပတ်စရာပေါများလှသလို နှစ်သစ်အခါသမယမှာ မင်္ဂလာယူ ကုသိုလ်ယူလိုသူတွေ တစ်နည်းအားဖြင့် တတ်စွမ်းသမျှ သာသနာပြုလိုသူတွေအတွက် တရားစခန်းဝင်စရာ၊ ဒုလ္လဘဝတ်စရာ၊ ဥပုသ်သီလဆောက်တည်စရာ စခန်းတွေ၊ ကျောင်းတိုက်တွေ မန္တလေးမှာပေါများလှပါတယ်။ 

မန္တလေးမြို့တွင်းက ကျောင်းတိုက်တွေမှာပဲ ဝတ်မလား၊ တရားစခန်းတွေမှာပဲ ကျင့်ကြံအားထုတ်မလား၊ မြို့တွင်းကဆူလို့ တိတ်ဆိတ်တဲ့နေရာမှာပဲ တရားအားထုတ်လိုသူတွေအတွက်လည်း မန္တလေးမြို့နဲ့အနီးတစ်ဝိုက်မှာ ပေါများလှပါတယ်။

သင်္ကြန်ဆိုတာဟာ မြန်မာ့ပြည်သူလူထုအတွက် တစ်နှစ်မှာတစ်ခါသာရတဲ့ ပျော်စရာနှစ်သစ်ပွဲတော်ပါ။ ဒီလိုနှစ်သစ်မှာ လွတ်လပ်စွာပျော်ပါးနိုင်ကြတယ်ဆိုတာ ဘယ်သူမှငြင်းလို့မရပါဘူး။ ဒီလို လည်ပတ်ကြရာမှာ ကိုယ်လိုပဲ ပျော်ချင်လို့ လည်ပတ်ကြသူတွေချည်းပါပဲ။ ဒါကြောင့် ပျော်စရာကောင်းတဲ့ပွဲတော်မှာ စိတ်ညစ်စရာတွေ မကြုံရအောင်၊ အခြားသူတွေ အနှောင့်အယှက်မဖြစ်ရအောင် သွားလာကြဖို့တော့ လိုမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ရုံးပိတ်ရက်ရထားချိန်မှာ ယူနီဖောင်းအပြည့်ဝတ်ပြီး တာဝန်ထမ်းဆောင်နေကြရတဲ့ ရဲတပ်ဖွဲ့ကလည်း အရေးယူမှုတွေလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ စိတ်မညစ်ကြရအောင်၊ အရေးယူမခံကြရအောင် ပျော်ပါးကြမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

နှစ်သစ်မင်္ဂလာ အတာရေသဘင်ပွဲတော်ကြီးမှာ လွတ်လပ်စွာပျော်ပါးနိုင်ကြပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

မောင်သန့်၊ အေးစုမွန်