News

POST TYPE

NEWS

ကျောက်ပန်းတောင်း၌ သရက်သီးဈေးကျ
06-Apr-2018



ချောက်၊ ဧပြီ ၆

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် ယခုနှစ်သရက်သီး အထွက်နှုန်းများသည့်အတွက် ဈေးကျကြောင်း သရက်သီးဒိုင်များထံမှ သိရသည်။

အဆိုပါသရက်သီးဈေးသည် မတ်လပထမပတ်အတွင်းကထက် ၂၄ ပိဿာ (တစ်တင်း) လျှင် ကျပ် ၁၀၀၀ ခန့်နှင့် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းကထက် တစ်ပိဿာလျှင် ကျပ် ၂၀၀၀ ခန့်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ် အေးစက်နေသော်လည်း ဈေးနှုန်းမှာမူ ဆက်လက်ကျဆင်းနိုင်ခြေနည်းပါးကြောင်း အဆိုပါဒိုင်များက ဆိုသည်။

“သရက်သီးတွေ လာ (ဝင်) လွန်းလို့ တချို့သူတွေကို အပင်မှာ မခူးဘဲထားပေးဖို့ မှာထားရတယ်။ ဈေးကလည်း မနှစ်ကထက် ဈေးနှုန်းက ကျနေတယ်လေ။ ဒီနှစ်က ဝယ်လတ်ကနှေးနေလို့ သင်္ကြန်ကျပြီးမှ ခူးပေးဖို့မှာထားတယ်”ဟု ကျော်ညို ကုန်စိမ်းရောင်းဝယ်ရေးဒိုင် ပိုင်ရှင် ဦးကျော်ကျော်က ပြောဆိုသည်။

ကျောက်ပန်းတောင် သရက်သီးဈေးကွက်အတွင်းသို့ မတ်လပထမပတ်အတွင်းက တစ်ရက်လျှင် ကုန်ချိန် တစ်သောင်းခန့်သာ ပုံမှန်ဝင်ရောက်သော်လည်း ဧပြီလဆန်းပိုင်းမှစတင်၍ တစ်ရက်လျှင် ကုန်ချိန် သုံးသောင်းခန့်ဝင်ရောက်ကြောင်း အဆိုပါ သရက်သီးဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ သရက်သီးဈေးကွက်အတွင်း ၂၄ ပိဿာ (တစ်တင်း) လျှင် ၃၀၀၀ ကျပ်ခန့်ရှိပြီး ကျောက်ပန်းတောင်း ဈေးကွက်မှတစ်ဆင့် ချောက်၊ ရေနံချောင်း၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

နေနိုင် (ချောက်)


  • VIA