News

POST TYPE

NEWS

ဘင်္ဂါလီများ ခရီးသွားလာရေးအပေါ် ကုလလက်ထောက်အဖွဲ့က ပြည်နယ်အစိုးရနှင့် ဆွေးနွေး
06-Apr-2018



စစ်တွေ၊ ဧပြီ ၅ 

ရခိုင်ပြည်နယ်ကို နှစ်ရက်တာ ရောက်ရှိနေသော လူသားချင်းစာနာမှုဆိုင်ရာ ကုလ လက်ထောက်အတွင်းရေးမှူးချုပ် Ms. Ursula Mueller ပါသည့် ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်အစိုးရနှင့် ဧပြီ ၄ ရက်ကတွေ့ဆုံပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်သောဘင်္ဂါလီများ ခရီးသွားလာရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

OCHA ခေါ် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကယ်ဆယ်ကူညီရေးဆိုင်ရာ ဒုတိယအကြီးအကဲလည်းဖြစ်သူ Ms. Ursula Mueller တို့အဖွဲ့သည် ဧပြီ ၄ ရက်က စစ်တွေမြို့ရှိ ဘင်္ဂါလီများနေထိုင်သော အောင်မင်္ဂလာ ရပ်ကွက်နှင့် ဒါးပိုင်ကျေးရွာ၊ သက္ကယ်ပြင် ဘင်္ဂါလီ ဒုက္ခသည်စခန်းတို့ကို သွားရောက်လေ့လာခဲ့ကြောင်း၊ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံကြရာ ဘင်္ဂါလီလူမျိုးတို့အား လွတ်လပ်စွာ ခရီးသွားလာခြင်း၊ ပြန်လည်လက်ခံရေး၊ လုံခြုံရေး စသည့်ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“သူတို့ကို မြို့ပေါ်မှာမဟုတ်ပေမယ့် နယ်တွေမှာ လွတ်လွတ်လပ်လပ်ခရီးသွားခွင့် ပေးထားတာပဲ။ သူတို့မြို့ပေါ်ကို လာမယ်ဆိုရင် NVCard မှ မလုပ်ကြတာ၊ ဘယ် အထောက်အထားမှမရှိဘဲ ဘယ်လိုလာလို့ရမလဲလို့ ပြောခဲ့တယ်”ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့က ဧပြီလ ၅ ရက်က မောင်တောမြို့နယ်သို့ သွားရောက်ပြီး ပန်းတောပြင်ကျေးရွာ (ဘင်္ဂါလီ)၊ ကိုင်းကြီးကျေးရွာ (မြို) တို့ကို သွားရောက်ပြီး ရွှေစားကျေးရွာ၌ ဟိန္ဒူလူမျိုး၊ ဘင်္ဂါလီလူမျိုး၊ ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ပြန်လည်ဝင်ရောက် လာသူများကို မြောက်ပိုင်းတွင် ယာယီထားရှိမည့် လှဖိုးခေါင် ကြားစခန်းတို့ကို သွားရောက်ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ကိုယ်စားလှယ်အဖွဲ့က ဒေသခံတိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးများနှင့်တွေ့ဆုံခဲ့ပြီး လူထုအသိုင်းအဝိုင်းတွင် စိုးရိမ်ပူပန်မှုများ၊ လိုအပ်ချက်များကို နားထောင်ခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ ကာကွယ်စောင့်ရှောက်ရေးနှင့် သက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း UN က ထုတ်ပြန်ထားသည်။  

R-22


  • VIA