News

POST TYPE

NEWS

ပုသိမ်-ရန်ကုန်လမ်းမ ပြုပြင်မှု ၃၆ လကြာမည်ဟုဆို
06-Apr-2018

ပုသိမ်၊ ဧပြီ ၅

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ကို အဓိက ဆက်သွယ်သွားလာနေရသည့် ပုသိမ်-ရန်ကုန်လမ်းမကြီးကို အဆင့်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်ရာ ၃၆ လကြာမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ဧပြီ ၄ ရက်က ကျင်းပသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၏ “ရန်ကုန်-ပုသိမ်အမြန်လမ်းမကြီးကို မည်သည့်အချိန်တွင် စတင်တိုးချဲ့ပြုပြင်မည်ကိုသိရှိလိုကြောင်း” မေးခွန်းကို ဖြေကြားစဉ်ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ၁၁၃ မိုင်ရှည်သော ရန်ကုန်-ပုသိမ် လမ်းမကြီးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရသောပြည်ထောင်စုလမ်းမကြီးဖြစ်ကြောင်း၊ ဘုရင့်နောင်တံတားအမှတ် (၁) နှင့် (၂) လမ်းဆုံ (သုည) ကီလိုမီတာမှ ပုသိမ်မြို့ဝင် (၁၇၅) ကီလိုမီတာအထိကို ADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ADB တို့ သဘောတူထားပြီး ခန့်မှန်းခြေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၀ မှ ၁၃၀ မီလီယံရှိနိုင်ကြောင်း ဝန်ကြီးကပြောသည်။

“ဒီလမ်းမကြီး (ရန်ကုန် - ပုသိမ်လမ်းမကြီး) က ဧရာဝတီတိုင်းက မြို့နယ်အသီးသီးမှ ပြည်သူတွေ အဓိက အားထားသွားလာနေတဲ့ လမ်းတစ်ခုဖြစ်တယ်၊ တစ်နေ့တစ်နေ့ကို မော်တော်ယာဉ်တွေ ထောင်နဲ့ချီပြီး ဖြတ်သန်းနေကြတယ်၊ လမ်းက ကျဉ်းတယ်၊ လမ်းဆိုးတဲ့နေရာတွေလည်း ရှိတယ်၊ ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်နေတယ်၊ ဒါကြောင့် ဒီမေးခွန်းကိုမေးရတာပါ”ဟု မေးခွန်းရှင်ဒေါ်ခိုင်ဇင်ဦးက ရှင်းပြသည်။ 

ဧရာဝတီတိုင်း ရန်ကုန်-ပုသိမ်လမ်းပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများမှာ ၂၀၁၇ ခုနှစ်တွင် ၂၀၄ မှု၊ ဒဏ်ရာရသူ ၃၉၁ ဦး၊ သေဆုံးသူ ၇၁ ဦးရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီကုန်အထိ အမှုပေါင်း ၄၂ မှု၊ ဒဏ်ရာရသူ ၇၇ ဦး၊ သေဆုံးသူ ၁၃ ဦးအထိရှိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရန်ကုန် - ပုသိမ်လမ်းမကြီးကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေနှင့် AIF ချေးငွေတို့ဖြင့် အဆင့်မြှင့်တင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါလမ်းတွင် သုညကီလိုမီတာမှ ၁၀ ကီလိုမီတာအထိကို ယာဉ်သွားလမ်းအကျယ် ၄၆ ပေခန့်ရှိ လေးလမ်းသွား၊ ကတ္တရာကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ၁၀ ကီလိုမီတာမှ ပုသိမ်မြို့ဝင် ၁၇၅ ကီလိုမီတာအထိကို အကျယ် ၃၃ ပေခန့် နှစ်လမ်းသွားအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရုံးထံမှ သိရသည်။ 

လမ်းမကြီးတစ်လျှောက် ဂက်စ်ပိုက်လိုင်းများရှိသဖြင့် ဂက်စ်ပိုက်လိုင်းများ ရွှေ့ပြောင်းပေးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆွေးနွေးနေကြောင်း၊ ရေလွှမ်းမိုးနိုင်သည့် နေရာများကိုလည်း ၂ မီတာအကျယ်လမ်းတာ ဘောင်မြှင့်တင်ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တံတားသစ် ၅ စင်းနှင့် မီးရထားသံလမ်း ခုံးကျော်တံတား ၁ စင်းကို ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း၊ လမ်းမကြီးနှင့် လမ်းဆုံရှိရာနေရာများကို (T) ပုံသဏ္ဌာန်မှ (Y) ပုံသဏ္ဌာန်သို့ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအမြန်စတင်နိုင်ရန် စီမံချက်လုပ်ငန်းများ၊ တင်ဒါလုပ်ငန်းများ ဆောင်ရွက်နေကြောင်း အဆိုပါရုံးထံမှ သိရသည်။

R-11