News

POST TYPE

NEWS

သင်္ကြန်တွင်း ရန်ကုန်-မော်လမြိုင်-ထားဝယ် အမြန်လူစီးရထား ပြေးမည်
ရန်ကုန်၊ ဧပြီ ၎

နှစ်စဉ် သင်္ကြန်ပွဲတော်ရက်အတွင်း ပြင်ဆင်ရေးလုပ်ငန်းများအတွက် ရပ်နားခဲ့သော်လည်း ယခုနှစ်တွင် ရန်ကုန်-မော်လမြိုင်-ထားဝယ်ခရီးစဉ် အမြန်လူစီးရထားများ ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (သတင်းနှင့်ပြန်ကြားရေးဌာန) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နှစ်တိုင်း မပြေးခဲ့ပါဘူး။ အခုက ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ မြန်မာ့မီးရထား တာဝန်ရှိသူတွေ ညှိနှိုင်းပြီး စီစဉ်လိုက်တာပါ။ ခရီးသည်တွေ ဒီလမ်းပိုင်းမှာ စီးရတာအဆင်ပြေအောင် ဆောင်ရွက်တာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါလမ်းပိုင်းတွင် သင်္ကြန်အတွင်း ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ၃၅ အဆန်ရထားနှင့် ၃၆ အစုန် အထူးအမြန် လူစီးရထား ယာယီရပ်နားမည်ဖြစ်ပြီး ကျန်ရထားများဖြင့် ပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်-မော်လမြိုင်ခရီးစဉ် အမှတ် ၈၉ အဆန်နှင့် အမှတ် ၉၀ အစုန် အမြန်လူစီးရထား၊ ရန်ကုန်-ထားဝယ် ခရီးစဉ် အမှတ် ၁၇၅ အဆန်နှင့် အမှတ် ၁၇၆ အစုန်အမြန်လူစီးရထား၊ မော်လမြိုင်- ရေးခရီးစဉ် အမှတ် ၁၇၁ အဆန်နှင့် အမှတ် ၁၇၂ အစုန်လူစီး လော်ကယ်ရထား၊ ပဲခူး-မော်လမြိုင်ခရီးစဉ် အမှတ် ၈၅ အဆန်နှင့် အမှတ် ၈၆ အစုန်လော်ကယ် လူစီးရထားတို့ကို နေ့စဉ်ပုံမှန်အတိုင်း ပြေးဆွဲမည်ဖြစ်သည်။

လက်မှတ်ခများအနေနှင့် ယခင်ဈေးနှုန်းအတိုင်း ရောင်းချရန် စီစဉ်ထားပြီး သင်္ကြန်ကာလပြီးဆုံးပါက ရန်ကုန်-ပဲခူး-မော်လမြိုင်-ထားဝယ် ခရီးစဉ်များကို အမြန်လူစီးရထားငါးစင်းဖြင့် ပုံမှန်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06