News

POST TYPE

NEWS

ဆိပ်ဖြူတွင် ကြက်သွန်နီဈေးပြန်တက်


ချောက်၊ ဧပြီ ၄ 

ဆက်တိုက်ကျဆင်းနေသော မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကြက်သွန်နီ ဈေးကွက်အတွင်း ကြက်သွန်ဈေးနှုန်းများ ပြန်လည်မြင့်တက်ကြောင်း အဆိုပါမြို့နယ် ကြက်သွန်ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ ကြက်သွန်ဈေးသည် ပြီးခဲ့သည့်ရက်ပိုင်းကထက် တစ်ပိဿာလျှင် ၆၀ ကျပ် မြင့်တက်ပြီး ယခုဈေးနှုန်းများသည် ယခင်နှစ်ကထက် အလွန်ကျဆင်းနေသဖြင့် ကြက်သွန်စိုက်တောင်သူများက ထုတ်ရောင်းခြင်းမရှိဘဲ လှောင်ထား၍ ထိုသို့ဈေးနှုန်း မြင့်တက်လာကြောင်း ကြက်သွန်ကုန်သည်များက ဆိုသည်။

“ကြက်သွန်ဈေးက မနှစ်ကထက် အရမ်းဈေးက ကျနေတော့ ကြက်သွန်စိုက် တောင်သူတွေက လာမရောင်းဘဲ လှောင်ထားကြတယ်လေ”ဟု ကုန်သည် ဦးမြင့်သိန်းက ပြောဆိုသည်။

လက်ရှိ ဆိပ်ဖြူကြက်သွန်ဈေးကွက်အတွင်း ကြက်သွန်လုံးကြီး (ရှယ်) တစ်ပိဿာလျှင် ၆၆၅ ကျပ်၊ အလုံးသေး တစ်ပိဿာ လျှင် ၅၈၀ ကျပ်ဈေးရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

“ထွက်နှုန်းက ဒီနှစ်က အရမ်းနည်းတယ်။ တစ်ဧကကို ပိဿာချိန် နှစ်ထောင်ကျော်လောက်ပဲ ထွက်တယ်။ မနှစ်က တစ်ဧကကို လေးထောင့်ငါးရာကျော် ပိဿာထွက်တယ်”ဟု ဆိပ်ဖြူမြို့မှ ကြက်သွန်စိုက် တောင်သူ ဒေါ်လဲ့က ပြောဆိုသည်။

နေနိုင်(ချောက်)