News

POST TYPE

NEWS

အစ္စရေးရော ပါလက်စတိုင်းပါ ကိုယ်ပိုင်မြေ ပိုင်ဆိုင်ခွင့်ရှိကြောင်း ဆော်ဒီအိမ်ရှေ့စံ ပြောကြား
04-Apr-2018



ရီယာ့ဒ်၊ ဧပြီ ၂

အစ္စရေးပါလက်စတိုင်းပါ ကိုယ်ပိုင်မြေပိုင်ဆိုင်ခွင့်ရှိသည်ဟု ဆော်ဒီ၏ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင် ဆယ်လ်မန်က အမေရိကန်မဂ္ဂဇင်း  The Atlantic နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ရာ ဆော်ဒီ၏ ကာလရှည်ရပ်တည်ချက် ပြောင်းလဲမှုအဖြစ် မီဒီယာများက အထူးအလေးပေး ဖော်ပြခဲ့ကြသည်။

“ဂျူးလူမျိုးများအနေနှင့် ၎င်း၏ ဘိုးဘေးများ၏ မွေးရပ်ဌာနနေတစ်စိတ်တစ်ဒေသတွင် နိုင်ငံတစ်ခုရပိုင်ခွင့်ရှိသည်ဟု ထင်ပါသလား”ဆိုသော မေးခွန်းကို ဘင်ဆယ်လ်မန်က “ပါလက်စတိုင်းသားတွေရောအစ္စရေးသားတွေပါ သူတို့ရဲ့ ကိုယ်ပိုင်မြေ ပိုင်ဆိုင်ခွင့်ရှိသင့်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခင်က မည်သည့် ဆော်ဒီထိပ်တန်းတာရှိသူကမျှအစ္စရေး၏ ကိုယ်ပိုင်မြေပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုသည့် မှတ်ချက်မျိုး မပြောကြားခဲ့ဖူးပေ။ ဆော်ဒီသည် ၂၀၀၂ ခုနှစ်ကတည်းက အစ္စရေး-ပါလက်စတိုင်းပဋိပက္ခအတွက် နှစ်နိုင်ငံအတူ ယှဉ်တွဲပေါ်ပေါက်ရေးမူကို ထောက်ခံထားသော်လည်း အိမ်ရှေ့စံဆယ်လ်မန်သည် ဒေသတွင်း အစ္စရေး၏ ပိုင်နက်နယ်မြေရပိုင်ခွင့်ကို ပထမဆုံးအသိအမှတ်ပြုသည့် ဆော်ဒီခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။

အသက် ၃၂ နှစ်သာရှိသေးသည့် ဆယ်လ်မန်သည် ဆော်ဒီအာရေဗျကို အမှန်တကယ် အုပ်ချုပ်နေသူဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးသမားဟု သတ်မှတ်ခံရသူဖြစ်သည်။ “အားလုံးအတွက် တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ငြိမ်းချမ်းရေးသဘောတူ စာချုပ်တစ်ခုရှိရပါမယ်”ဟုလည်း ဆယ်လ်မန်က မှတ်ချက်ပေးခဲ့သည်။

ဂျာမနီရှိ အစ္စရေးအဖွဲ့ကြီးက ဆယ်လ်မန်၏မှတ်ချက်ကို ကြိုဆိုလိုက်ပြီး အင်မတန်ကျိုးကြောင်းဆီလျော်သည့် ရပ်တည်ချက်ဟု ချီးကျူးခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။ “အစ္စရေး ကိုယ်၌ကလည်း ဆော်ဒီအာရေဗျနဲ့ အားကောင်းတဲ့မိတ်ဖက်ဖြစ်နေပါတယ်။ တကယ်တမ်း ဒီဟာက လုံးဝခြုံငုံမှုရှိတဲ့ နိုင်ငံရေးအမြင်ဖြစ်ပြီး အိမ်ရှေ့စံရဲ့ အမြင်သက်သက်မဟုတ်ပါဘူး” ဟု အဖွဲ့ကြီး၏ ဥက္ကဋ္ဌ ဟဲလ်မွတ်ခွန်နစ်ရှောက သုံးသပ်ခဲ့သည်။ သို့သော်လည်း ဆော်ဒီလူ့အဖွဲ့ အစည်းတစ်ခုကလည်း ထိုမျှအတိုင်းအတာအထိ လက်ခံလာပြီဟု မှတ်ယူ၍ မရသေးကြောင်း ခွန်နစ်ရှောက သုံးသပ်ခဲ့သည်။

ဆော်ဒီအာရေဗျသည် အစ္စရေးကို နိုင်ငံအဖြစ် တရားဝင်အသိအမှတ်မပြုသေးဘဲ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန်ဆိုပါက အစ္စရေးဘက်က ၁၉၆၇ အာရပ်-အစ္စရေး စစ်ပွဲအတွင်း သိမ်းပိုက်ခဲ့သည့် ပါလက်စတိုင်းနယ်မြေများမှ ဆုတ်ခွာပေးရမည်ဟု ပြောကြားထားသည်။

သို့သော်လည်း အိမ်ရှေ့စံ၏ မှတ်ချက်သည် အစ္စရေးနှင့် ဆော်ဒီအကြား သံတမန်ဆက်ဆံရေး ပိုမိုနီးကပ်လာမှုနှင့် ဒေသတွင်း ပြိုင်ဘက်အီရန်ကို ဘုံရန်သူအဖြစ် လက်ခံထားမှုတွင် တူညီနေခြင်းတို့ကိုအသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျသည် မတ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေးသို့ ခရီးသည်တင်လေယာဉ် ပျံသန်းမှုကို ပထမဆုံးအကြိမ် ခွင့်ပြုပေးခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း အစ္စရေးအစိုးရအဖွဲ့ဝင်တစ်ဦးက ဆော်ဒီနှင့် လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်းထားရှိကြောင်း ဝန်ခံထားခဲ့သည်။

မည်သည့် အပြီးအပိုင်ခြေချနေထိုင်မှုတွင်မဆို အစ္စရေးနှင့် ပါလက်စတိုင်းများ အတူတကွနေထိုင်ခြင်းအပေါ် သူ့အနေနှင့် ဘာသာရေးအရ ကန့်ကွက်ရန်မရှိဟု ဆယ်လ်မန်က ပြောကြားခဲ့သည်။

သို့သော်လည်း ဂျေရုဆလင်ရှိ အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်နေရာ အယ်လ်အက်ဆာဗလီကို ကာကွယ်ပေးထားရေးဆိုသောအချက်ကိုမူ လိုအပ်ကြောင်း အိမ်ရှေ့စံကပြောကြားခဲ့သည်။

အိမ်ရှေ့စံသည် အသက် ၈၂ နှစ်ရှိပြီဖြစ်သော ဘုရင်ကြီးကိုယ်စား အုပ်ချုပ်ရေး တာဝန်အများစုကို ထိန်းချုပ်ထားသူဖြစ်သည်။ “ဒါကျွန်တော်တို့ဘက်က သဘောထားပါ၊ ဘယ်သူ့ကိုမှ ကျွန်တော်တို့ဘက်က ကန့်ကွက်စရာမရှိပါဘူး”ဟု အိမ်ရှေ့စံက ပြောကြားခဲ့သည်။

F-03