News

POST TYPE

NEWS

ခန္တီးတွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်နေရာ မဲခွဲဆုံးဖြတ်


ကလေး၊ ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ကို ပန်းခြံနေရာနှင့် တံတားချဉ်းကပ်လမ်း လမ်းဆုံနေရာတွင် ထားရှိရန်ဟူ၍ သဘောထားကွဲလွဲမှုများ ရှိသည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ တံတားချဉ်းကပ်လမ်း လမ်းဆုံနေရာတွင်ထားရှိရန် မဲအများဆုံးရရှိခဲ့ကြောင်း ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းဆွေက ပြောကြားသည်။ 

ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်နေရာ မဲခွဲဆုံးဖြတ်ခြင်းကို ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက ခန္တီးခရိုင်၊ အားကစားရုံအတွင်း မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆန္ဒမဲပေးရန်အတွက် တက်ရောက်လာသူ ၂၉၈ ဦးရှိပြီး တံတားချဉ်းကပ်လမ်း လမ်းဆုံတွင်ထားရှိရန် မဲပေးသူ ၂၂၄ ဦးရှိပြီး ပန်းခြံတွင်ထားရှိရန် မဲပေးသူ ၆၁ ဦး ရှိသဖြင့် မဲအများဆုံးရရှိသည့် (ခန္တီး) ချင်းတွင်းမြစ်ကူးတံတားသို့ သွားသည့် လမ်း၊ လေယာဉ်ကွင်းသွားသည့်လမ်းနှင့် ခန္တီးမြို့အတွင်းဝင်သည့် လမ်းဆုံနေရာတွင် ဗိုလ်ချုပ်ကြေးရုပ်ကို ထားရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။ 

“ပထမကတော့ စည်ပင်ပန်းခြံမှာထားဖို့ ဆုံးဖြတ်ချက်ချထားပြီးသားရှိတယ်။ ဝန်ကြီးချုပ်ကိုလည်း တင်ပြပြီးသား။ ဒါပေမဲ့ အခုနောက်ပိုင်း တံတားဖွင့်တော့မယ်ဆိုတော့ တံတားချဉ်းကပ်လမ်းနဲ့ လေယာဉ်ကွင်းတက်တဲ့လမ်း အဲဒီလမ်းဆုံနေရာက ပိုပြီးတော့ သင့်တော်တယ်ဆိုပြီး မြင်လာတော့ ကော်မတီချည်းပဲ ဆုံးဖြတ်ရင်လည်း မသင့်တော်လို့ မနေ့က အရေးပေါ် အစည်းအဝေးခေါ်ပြီး တစ်မြို့လုံး အသံချဲ့စက်နဲ့အော်ပြီး မဲခွဲဆုံးဖြတ်လိုက်တာ”ဟု ဦးမင်းဆွေက ရှင်းပြသည်။ 

ခန္တီးမြို့တွင်ထားရှိမည့် မြင်းစီး ဗိုလ်ချုပ်ကြေးရုပ်တုကို ကျပ်သိန်း ၃၀၀ အသုံးပြု၍ ၂၀၁၈ ခုနှစ်၊ ဇွန်လအကုန်တွင် ထားရှိနိုင်ရန် ၂၀၁၇ ခုနှစ်အတွင်းမှ စကာဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါကြေးရုပ်တုထားရှိရန် ဆုံးဖြတ်ခဲ့သည့်နေရာတွင် ကြေးရုပ်ထားရှိနိုင်ရန် (ခန္တီး) ချင်းတွင်းမြစ်ကူးတံတား ဖွင့်ပွဲနေ့တွင် တက်ရောက်လာမည့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို တင်ပြမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။  

R-20