News

POST TYPE

NEWS

ကနီတွင် အလှူထမင်းဟင်းစားမိရာမှ လူတစ်ရာကျော် အစာအဆိပ်သင့်


ကလေး၊ ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မုဋ္ဌောကျေးရွာတွင် ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းကပြုလုပ်သည့် အလှူထမင်းဟင်းစားမိရာမှ လူဦးရေတစ်ရာကျော် အစာအဆိပ်သင့်ခဲ့ကြောင်း ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

အဆိုပါကျေးရွာတွင်ပြုလုပ်သည့် အလှူတွင်ကျွေးသည့် ငါးခြောက်ဟင်း၊ အစိမ်းကြော်၊ ပဲတီစိမ်းချဉ်နှင့် ကြာဇံဟင်းချိုတို့ကို စားသုံးခဲ့သူများတွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယင်းအစာအဆိပ်သင့်မှု ဖြစ်ပွားသည်ကို နံနက် ၁၁ နာရီခန့်တွင် စတင်သိရှိခဲ့ရခြင်းဖြစ်ပြီး အစာအဆိပ်သင့်သူ များပြားသည့်အတွက် မုဌောကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ယာယီဆေးခန်းဖွင့်လှစ်ခြင်း၊ ကနီမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသခြင်းနှင့် မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ဆေးကုသမှုခံယူခြင်းများ ပြုလုပ်နေပြီး လက်ရှိအချိန်အထိ သေဆုံးသူ မရှိသေးကြောင်း လူနာများကို စောင့်ရှောက်မှုပေးနေသည့် ကနီမြို့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဝင်းဇော်ခိုင်က ပြောကြားသည်။

“အစိမ်းကြော်ကများ စဖြစ်သလားပေါ့နော်။ ဒီရာသီက ပိုးသတ်ဆေးတွေ တအားသုံးတာဆိုတော့ ရေစင်အောင် မဆေးလို့ရှိရင် အစာအဆိပ်သင့်ဖို့ ဖြစ်နိုင်တယ်။ အခုက လူဦးရေက တော်တော်များတယ်။ ဆရာဝန်တွေနဲ့ နယ်ဆင်းပြီး စာသင်ကျောင်းတွေမှာ ယာယီဆေးခန်းတွေဖွင့်ပြီး ဆေးကုသမှုပြုလုပ်ပေးနေတယ်”ဟု ကနီမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဆိုသည်။

အစာအဆိပ်သင့်သူများသည့်အတွက် ကနီမြို့ပြည်သူ့ဆေးရုံတွင် နေရာမလောက်သဖြင့် သက်သာသည့် လူနာများကို ကနီမြို့ သာသနာ့ဗိမာန်တွင် ထားရှိကာ ဆေးကုသပေးလျက်ရှိကြောင်း၊ ကျေးရွာအုပ်စုတစ်စုလုံးရှိ လူများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမရှိသေးကြောင်း အကူအညီပေးနေသည့် ကနီမြို့နေ ကိုပြည့်အောင်နိုင်က ပြောကြားသည်။

“သေဆုံးမရှိဘူး။ အန်တာနဲ့လျှောတာ လောလောဆယ် ဆေးရုံကို ရောက်လာတဲ့ ၁၀၀ ကျော် ဖြစ်လိုက်တယ်။ အလှူမှာကျွေးတာ စစ်လိုက်တော့ ငါခြောက်ထိုးတာလည်း ဖြစ်နိုင်စရာ မရှိဘူး။ ဟင်းချိုကလည်း ကြာဇံဟင်းချိုလေးပဲ အဲဒါလည်း ဖြစ်နိုင်စရာမရှိဘူး။ ပဲတီချဉ်ကလည်း မုံရွာကနေ ခြင်းလိုက်ယူပြီး သုပ်တယ်ပြောတယ်။ အဲဒါကလည်း သိပ်မထင်ဘူး။ အစိမ်းကြော်က နည်းနည်းလေး စိမ်းဆတ်ဆတ်ဆိုတော့ ရေပြောင်အောင်မဆေးလို့ ပိုးသတ်ဆေးတို့ ဘာတို့များ ဖြစ်နိုင်မလားဆိုပြီး စိတ်ပူတာ။ ရောဂါဖြစ်ပွားမှု ထိန်းချုပ်ထားနိုင်ပြီဆိုတော့ စိတ်တော့စိတ်ချမ်းသာပါတယ်။ နွေရာသီရောက်ပြီဆိုတော့ ပွဲလမ်းသဘင်တွေကျရင် သန့်သန့်ရှင်းရှင်းမလုပ်နိုင်ဘဲနဲ့ အစားအသောက်တွေ ကျွေးမယ်ဆိုရင်တော့ တော်တော်လေး ဂရုစိုက်ကြရမှာပါ”ဟု ကနီမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဝေမာနွယ်က ပြောဆိုသည်။