News

POST TYPE

NEWS

လျှပ်စစ်ကဏ္ဍ အစိုးရမူဝါဒမဟုတ်ဘဲ ကုမ္ပဏီ၏မူဝါဒဖြင့် သွားနေသကဲ့သို့ ဖြစ်နေဟု တနင်္သာရီ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဝေဖန်
02-Apr-2018

ထားဝယ်၊ ဧပြီ ၂

တနင်္သာရီ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမှုများကို အစိုးရက ရေးဆွဲထားသော မူဝါဒဖြင့် လုပ်ကိုင်နေခြင်းမျိုးမဟုတ်ဘဲ ထုတ်လုပ်ဖြန့်ဖြူးခွင့်ရသော ကုမ္ပဏီ၏မူဝါဒဖြင့် သွားနေသကဲ့သို့ဖြစ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ဝေဖန်သည်။

မတ်လ ၂၉ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့တိုင်းမှာ သွားနေတဲ့လျှပ်စစ်မူဝါဒက အစိုးရရဲ့မူဝါဒနဲ့ မဟုတ်ဘဲနဲ့ ကုမ္ပဏီရဲ့မူဝါဒနဲ့ သွားနေသလို ဖြစ်နေပါတယ်၊ ဒါ အင်မတန် အန္တရာယ်ကြီးပါတယ်၊ နိုင်ငံရေးဆန်ပါတယ်”ဟု ဦးဗိုလ်ထွေးက ဝေဖန်ပြောကြားခဲ့သည်။

လျှပ်စစ်လုပ်ငန်းသည် အခြားသော လုပ်ငန်းများကဲ့သို့ ထုတ်လုပ်ဖြန့်ဖြူးသူနှင့် စားသုံးသူများအကြား တစ်ကြိမ်တစ်ခါတည်းသာ ဆောင်ရွက်ရသောလုပ်ငန်းမျိုး မဟုတ်ဘဲ အချိန်ပြည့် ထိတွေ့ဆက်ဆံနေရသော လုပ်ငန်းဖြစ်သောကြောင့် ဝန်ဆောင်မှု အရေးပါသောလုပ်ငန်း၊ တစ်နည်းအားဖြင့် နိုင်ငံရေးဆန်သော လုပ်ငန်းဖြစ်ကြောင်း ဦးဗိုလ်ထွေးက လွှတ်တော်တွင် ပြောကြားသည်။

တိုင်းအတွင်း ဖွဲ့စည်းထားသည့် မီးလင်းရေး ကော်မတီအဆင့်ဆင့်ကို အစိုးရမှ တရားဝင် ဖျက်သိမ်းထားခြင်းမျိုးမရှိဘဲ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့်ွှ ကုမ္ပဏီ က ထားဝယ်ခရိုင်အတွင်း ရပ်ကျေးမီးလင်း ရေးကော်မတီများနှင့် ချိတ်ဆက်ဆောင် ရွက်မှုမပြုဘဲ ၎င်းကုမ္ပဏီနှင့် အလျဉ်းသင့်သူများကိုသာ ရပ်ကျေးမီးလင်းရေး တာဝန်ခံ ခန့်အပ် လုပ်ဆောင်နေသည်မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း ဦးဗိုလ်ထွေး က ပြောသည်။

ထားဝယ်ခရိုင်အတွင်း ကျေးရွာ မီးလင်းရေးကော်မတီများကို ဒေသတွင်း လိုအပ်ချက်အရ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ်မီးလင်းရေးကော်မတီများက ဖွဲ့စည်းထားခြင်းဖြစ်ပြီး လျှပ်စစ်မီးရရှိရေးအတွက် ခေတ်အဆက်ဆက် ကိုယ်ထူ ကိုယ်ထ လုပ်ကိုင်လာခဲ့ကြသည်။

ကျေးရွာမီးလင်းရေး ကော်မတီများက ကျေးရွာအတွင်း ဓာတ်အားလိုင်းများကို ရွာသူရွာသားများ၏ စုပေါင်းငွေဖြင့် ကိုယ်ထူကိုယ်ထ သွယ်တန်းထားကြပြီး ရွာလျှပ်စစ်လိုင်း ပြုပြင်ထိန်းသိမ်းရန် လျှပ်စစ်ဝန်ထမ်းများလည်း ခန့်ထားကြသည်။

ယခင် လျှပ်စစ်ဖြန့်ဖြူးခွင့်ရ DDPC ကုမ္ပဏီ လုပ်ကိုင်စဉ်က ယင်းမီးလင်းရေး ကော်မတီများနှင့် ချိတ်ဆက် (အကျိုး ခံစားခွင့်ပေး) လုပ်ကိုင်ခဲ့ကြသည်။

လက်ရှိတွင် GGS ကုမ္ပဏီက ယင်းမီးလင်းရေး ကော်မတီများနှင့် လက်တွဲလုပ်ကိုင်ခြင်းမရှိတော့ပေ။

“ကုမ္ပဏီတွေကို ကျွန်တော်တို့က လုပ်ကိုင်ခွင့် ပေးလိုက်တာ၊ လုပ်ပိုင်ခွင့် ပေးလိုက်တာ မဟုတ်ပါဘူး”ဟု ဦးဗိုလ်ထွေးက လွှတ်တော်တွင် ပြောခဲ့သည်။

GGS ကုမ္ပဏီမှ လက်ရှိကောက်ခံ နေသည့် လမ်းမီးကြေးကိစ္စနှင့် လမ်းမီး များ တစ်ပြေးညီတပ်ဆင်ရေး၊ ကျေးရွာများတွင် ငွေကောက်ခံသည့်နေရာ တိတိကျကျ သတ်မှတ်ထားရေး စသဖြင့်သော နောက်ဆက်တွဲ ဝန်ဆောင်မှုများကို မည်ကဲ့သို့ အသေးစိတ် စီမံဆောင်ရွက်ထားသည်ကို ဦးဗိုလ်ထွေးက အစိုးရအဖွဲ့အား မေးမြန်းခဲ့သည်။

ဦးဗိုလ်ထွေး၏ မေးခွန်းကို အသေးစိတ် အချက်အလက်များ စုဆောင်း၍ စာဖြင့်အကြောင်းပြန်ပါမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ဖြေဆိုခဲ့သည်။

GGS သည် ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေပြီး ယာယီလျှပ်စစ်ဖြန့်ဖြူးခွင့်ပါ ရရှိထားကာ လူထုနှင့် ဆက်ဆံရေးတွင် အပေါ်စီးဆန်သည်ဟု ဝေဖန်မှုအချို့ ရှိနေသည်။

Dawei Watch