News

POST TYPE

NEWS

ဘင်္ဂါလီများကို မောင်တောတောင်ပိုင်း၌ နေရာချရန် ပြည်ထောင်စုအစိုးရထံ တင်ပြ
မောင်တော၊ ဧပြီ ၁ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် တောင်ပိုင်း၌ ပြန်လည်နေရာချထားပေးရေး အစီအစဉ်များကို ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။ 

အဆိုပါတင်ပြချက်များကို မောင်တောခရိုင် အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်ထားပြီး အစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း နေရာချထားပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က ဒေသအခြေအနေ ပိုနားလည်တဲ့အတွက် ဒီနေရာက လုံခြုံရေးအရရယ် တိုင်းရင်းသားတွေ စိုးရိမ်ကြောက်လန့်တာတွေလည်း ရှိကြတယ်ဆိုတော့ အကုန်လုံးပေါ်မှာမူတည်ပြီး အဆင်ပြေမယ့်နေရာတွေကို လျာထားပြီး တင်ပြထားတာပါ”ဟု ၎င်းက ဆိုသည်။ 

ဘင်္ဂါလီများကို နေရာချထားရန် လျာထားသော ရွာများနှင့်ပတ်သက်၍ အသေးစိတ်ကို မတ်လ ၃၀ ရက်က မောင်တောမြို့နယ်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

မောင်တောတောင်ပိုင်းသည် ပင်လယ်ကမ်းခြေဒေသဖြစ်ပြီး ခြံစည်းရိုးကာရန်ထားခြင်း မရှိသည့်အတွက် ဘင်္ဂါလီများကို ပြန်လည်နေရာချထားပေးလျှင် ပဋိပက္ခပြန်ဖြစ်မည်ကို တိုင်းရင်းသားများက စိုးရိမ်လျက်ရှိသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ အရပ်ဘက်လူမှုအဖွဲ့အစည်းများက တောင်ပိုင်းဒေသ၌ ပြန်လည် နေရာချထားပေးရေးကို ကန့်ကွက်ထားကြောင်း ထုတ်ပြန်ကြေညာထားသည်။

မတ်လ ၁၈ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများကို ပြန်လည်နေရာချထားရာတွင် ပြည်သူများ၏ သဘောဆန္ဒများကို ဥပေက္ခာမပြုကြရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက မေတ္တာရပ်ခံခဲ့သည်။ 

ယခင်က မောင်တောခရိုင်၌ ဘင်္ဂါလီလူမျိုး ၇ သိန်းခန့်ရှိရာ ၂၀၁၇ ခုနှစ် ဩဂုတ်လ အကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘင်္ဂါလီလူမျိုး ရှစ်ထောင်ကျော် ကျန်ရှိကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

R-22