News

POST TYPE

NEWS

မိတ္ထီလာတွင် ကြက်သွန်နီဈေး ဆက်တိုက်ကျ
02-Apr-2018



မိတ္ထီလာ၊ ဧပြီ ၁

မိတ္ထီလာဒေသထွက် ကြက်သွန်နီအသစ် အဝင်များနေသောကြောင့် ဈေးဆက်ကျနေကြောင်း မိတ္ထီလာကုန်စည်ဒိုင်နှင့် တောင်သူများထံမှ သိရသည်။

“နယ်ဘက်ကတောင်သူတွေ ကြက်သွန်တူးပြီဆိုတော့ ဈေးကွက်ထဲကို ထုတ်ရောင်းကြတယ်။ အဲဒီလိုရောင်းတဲ့ သူတွေများတော့ ဈေးကျတာပေါ့။ သင်္ကြန်လောက်အထိ ဈေးဆက်ကျနိုင်တယ်။ တရုတ်ဘက်ကလည်း အဝယ်မရှိသေးတော့ တစ်ပိဿာကို ငါးရာအောက်အထိ ကျသွားနိုင်တယ်”ဟု မိတ္ထီလာမြို့ခံ ကြက်သွန်ကုန်သည် ဦးကျော်ကျော်လင်းက ပြောကြားသည်။

မတ်လလယ်ပိုင်းက ကြက်သွန်နီ အသစ်ပိဿာတစ်ရာလျှင် အရည်အသွေးကိုလိုက်၍ ကျပ် ၅၅,၀၀၀ မှ ၆၀,၀၀၀ ကျပ်ခန့် (တောဈေး) ရှိခဲ့သော်လည်း မတ်လ ၃၁ ရက်နေ့ ပေါက်ဈေးမှာ ပိဿာတစ်ရာလျှင် ကျပ် ၅၀,၀၀၀ (တောဈေး) ဝန်းကျင်သာရှိတော့ကြောင်း မိတ္ထီလာကုန်စည်ဒိုင်သို့ လာရောက်ကြသော ကြက်သွန်ကုန်သည်များထံမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူအများစုသည် သင်္ကြန်ကာလမတိုင်မီ အခါတွင်း၌သုံးစွဲရန်နှင့် စိုက်ပျိုးရာသီတွင် တင်ရှိသော အကြွေးများပြန်ဆပ်ရန် ငွေပေါ်သဘောမျိုးဖြင့် ကြက်သွန်များကို ထုတ်ရောင်းလေ့ရှိသော်လည်း လက်ကျန်ကြက်သွန်ကို တော်သလင်း၊ သီတင်းကျွတ်ကာလအထိ လှောင်ထားလေ့ရှိကြောင်း မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာမှ တောင်သူဦးမျိုးဝင်းက ပြောကြားသည်။

“အခုဈေးက ကြမ်းခင်းဈေးလောက်ပဲ ရှိတယ်။ ဒီထက်ဈေးဆက်ကျရင် တောင်သူတွေမဟန်တော့ဘူး။ ဒီနှစ် ကြက်သွန်စိုက်ရာသီမှာ တောင်သူတွေ အရင်းအနှီးများတယ်”ဟု မလှိုင်မြို့ပေါ်ရှိ စိန်သုံးလုံးပွဲရုံပိုင်ရှင် ဦးဖိုးကိုက ပြောဆိုသည်။

လက်ရှိအချိန်တွင် မိတ္ထီလာခရိုင် ဒေသထွက်ကြက်သွန်ကို ပြည်ပအဝယ် မရှိသေးသော်လည်း ရန်ကုန်၊ မော်လမြိုင်၊ တောင်ကြီး၊ ကျိုင်းတုံနှင့်တာချီလိတ်ဘက်မှ အဝယ်လိုက်နေကြောင်း မိတ္ထီလာ ကြက်သွန်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။  

R-01

  • VIA