News

POST TYPE

NEWS

လက်ပံတောင်းပဋိပက္ခတွင် ဖမ်းဆီးခံရသူ အမျိုးသမီးနှစ်ဦးကို အမှုကျေအေးပေးရန်မရှိဟုဆို


မုံရွာ၊ မတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း ကြေးနီစီမံကိန်းအတွင်း ဝက်မှေးရွာဟောင်းမှ နေအိမ် ၇ လုံး ပြောင်းရွှေ့မှုနှင့် ပတ်သက်သည့် ပဋိပက္ခဖြစ်စဉ်တွင် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်၍ ဖမ်းဆီးခံထားသူ အမျိုးသမီးနှစ်ဦးကို ဥပဒေကြောင်းအရ ကျေအေးပေးရန်မရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးလေးစိုးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆားလင်းကြီးမြို့နယ်၊ ဝက်မှေးကျေးရွာဟောင်း နေအိမ်ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက တိုင်းအစိုးရရုံးတွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါရှင်းလင်းပွဲတွင် ဝက်မှေးရွာဟောင်းမှ ပြောင်းရွှေ့လိုသူများကို သဘောထားမတိုက်ဆိုင်သူ မသွဲ့သွဲ့ဝင်းတို့ဘက်က အိမ်ရွှေ့ပြောင်းခြင်းကို နှောင့်ယှက်သည့်အတွက် တိုင်းအစိုးရထံ မတ်လ ၇ ရက်နေ့က အကူအညီတောင်းခံသဖြင့် နိုင်ငံသားတစ်ယောက်၏ ဆန္ဒအားဥပဒေနှင့်အညီ အကူအညီပေးခြင်းသာဖြစ်ကြောင်း စည်ပင်ဝန်ကြီးဦးမြင့်ကြည်က ပြောကြားခဲ့သည်။

မတ်လ ၂၉ ရက်နေ့က ဖျက်ထားသည့် နေအိမ်များပြောင်းရွှေ့ရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများပဋိပက္ခဖြစ်ပွားခဲ့ပြီး ဝက်မှေးရွာဟောင်းနေ မသွဲ့သွဲ့ဝင်းနှင့်မစန်းလှတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

ယင်းဖြစ်စဉ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်သားတစ်ဦး ခြေထောက်နှင့်အကန်ခံရပြီး ယာခြေချင်း ဝတ်ဖူးရောင်ညိုမည်း ဒဏ်ရာရခဲ့၍ ဆားလင်းကြီးရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၃၄၁ ဖြင့် အမှုဖွင့်ထားကြောင်း၊ ယင်းအမှုအနေအထားမှာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းကို တားဆီးနှောင့်ယှက်ကာ အနာတရဖြစ်အောင် ပြုလုပ်ခြင်းဖြစ်၍ ကျေအေးပေးရန် မရှိကြောင်း၊ ၎င်းတို့နှစ်ဦးကို အာမခံပေး မပေးဆိုသည်မှာလည်း ဆေးဆရာဝန်၏ ဆေးစစ်ချက်အပေါ်တွင်သာ မူတည်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးလေးစိုးက ပြောဆိုသည်။ 

“ဘယ်ရဲမေ ခြေချင်းဝတ်နာအောင် ကျွန်မတို့မလုပ်ဘူး။ မျက်မြင်သက်သေတွေလည်း ရှိတယ်။ အစိုးရက ဥပဒေအတိုင်း လုပ်တယ်ပြောတယ်။ ကျွန်မတို့ရွာကလည်း စည်းကမ်းဥပဒေရှိတယ်။ သူတို့ ဥပဒေက ဘက်လိုက်ပြီး ဝမ်ပေါင်နဲ့ပေါင်းလုပ်တဲ့ ဥပဒေ”ဟု ဝက်မှေးရွာဟောင်းနေ မဖြူဖြူဝင်းက ပြောဆိုသည်။

ယင်းဖြစ်စဉ်အတွင်း မတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခံရသူ မသွဲ့သွဲ့ဝင်းနှင့်မစန်းလှတို့ကို ဆားလင်းကြီး မြို့မစခန်းတွင် ချုပ်နှောင်ထားရာ နှစ်ဦးစလုံး နှလုံးနှင့် ကျောက်ကပ်ရောဂါ အခံရှိခြင်း၊ နှစ်ရက်ဆက်တိုက် ရဲများနှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းကြောင့် မအိပ်နိုင်၊ မစားနိုင်ဖြစ်ခဲ့သည့်အတွက် ဆားလင်းကြီးမြို့ ပြည်သူ့ဆေးရုံတွင် လက်ရှိအချိန်အထိ ဆေးကုသမှုခံနေရကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောကြားသည်။

လက်ပံတောင်းကြေးနီ စီမံကိန်းအတွင်း ကျရောက်နေသည့် ကျေးရွာများမှ ရွှေ့ပြောင်းလိုသူများကို အကူအညီနှင့် အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရက အဆိုပါ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိခဲ့သည်။ 
 
R-08