News

POST TYPE

NEWS

နှမ်းသစ်ပေါ်သော်လည်း ဈေးကောင်း
01-Apr-2018



မန္တလေး၊ မတ် ၃၁

မန္တလေး ကုန်စည်ဒိုင်ဈေးကွက်အတွင်းသို့ နှမ်းအသစ်များဝင်ရောက်ချိန်များတွင် ဈေးကျလေ့ရှိသော်လည်း ယခုနှစ်တွင် ဈေးကောင်းရနေသည်ဟု နှမ်းအရောင်းအဝယ် လုပ်ကိုင်သူအချို့ထံမှ သိရသည်။

အစောပိုင်းကာလက ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့မှထွက်သော နှမ်းအသစ်များ နိုင်ငံတကာဈေးကွက်အတွင်း ဝင်လာသဖြင့် ဈေးကျနိုင်မည်ဟု ခန့်မှန်းခဲ့သော်လည်း ဈေးနှုန်းအမြင့်တွင် ဆက်ရှိနေသေးသည်ဟု ၎င်းတို့က ပြောဆိုသည်။

“ဈေးကွက်ထဲမှာ နှမ်းအဟောင်းတွေ ရှိနေသေးပေမယ့် ပစ္စည်းလက်ကျန် သိပ်မရှိတော့ အသစ်ဈေးလည်း ကျနိုင်မယ်မထင်ဘူး”ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောကြားသည်။

မြန်မာနိုင်ငံမှာထွက်သော နှမ်းများကို ဂျပန်နိုင်ငံက ဝယ်ယူလာသောကြောင့်လည်း ဈေးကျမသွားခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

နှမ်းဆီကြိတ်ရန် အသုံးပြုသော နှမ်းအညိုသည် အခွံချွတ်၍ရနေသောကြောင့် နှမ်းအညို (ဆီနှမ်း) မှာ ၄၅ ပိဿာဝင် တစ်အိတ်လျှင် ကျပ်တစ်သိန်းအထက်တွင် ရှိနေကြောင်း ဦးချွန်က ထပ်မံပြောကြားသည်။

ယခုလကုန်ပိုင်းအတွက် ကုန်စည်ဒိုင်က ထုတ်ပြန်သော ဈေးနှုန်းများအရ နှမ်းဖြူသည် ၁၃၀,၀၀၀ မှ ၁၃၅,၀၀၀ ကျပ်၊ နှမ်းနက် (စမုန်) သည် ၁၂၀,၀၀၀ မှ ၁၂၁,၀၀၀ ကျပ်၊ နှမ်းညို (ဆီနှမ်း) သည် ၁၀၈,၀၀၀ မှ ၁၁၀,၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

မန္တလေးကုန်စည်ဈေးကွက်သို့ မတ္တရာ၊ ကျောက်ဆည်၊ ပခုက္ကူ၊ ရေစကြိုတို့မှ နှမ်းများ အဓိကဝင်ရောက်ပြီး တရုတ်၊ ဂျပန်၊ ကိုရီးယားတို့က ဝယ်ယူကြကြောင်း ကုန်သည်အချို့ထံမှ သိရသည်။ 

M-08


  • VIA