News

POST TYPE

NEWS

ထားဝယ် အထူးစီးပွားရေးဇုန် လျော်ကြေးနှင့်ပတ်သက်၍ ပြည်သူများ ထိခိုက်နစ်နာအောင်မလုပ်ဟု တိုင်းစီမံ/ဘဏ္ဍာဝန်ကြီး အာမခံ


ထားဝယ်၊ မတ် ၂၉

ထားဝယ် အထူးစီးပွားရေးဇုန် လျော်ကြေးနှင့်ပတ်သက်၍ ပြည်သူများ ထိခိုက်နစ်နာစေမည့်အလုပ်မျိုးကို လုပ်ဆောင်မည်မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

ယခင်က စီမံကိန်းနှင့်ပတ်သက်၍ လျော်ကြေးငွေပေးချေရာတွင် မြေကွက်ချင်းတူသော်လည်း လျော်ကြေးငွေ ပမာဏမတူသည့် ဖြစ်စဉ်များရှိခဲ့ဖူးသည့်အတွက် လက်ရှိတွင် ခွဲခြားမှုမရှိဘဲ မျှမျှတတရရှိစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

ထားဝယ်အထူး စီးပွားရေးဇုန်တွင် မတ်လ ၂၈ ရက်က ပြုလုပ်သည့် စီမံကိန်းလုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင်ဆန်းစစ်မှု အစီရင်ခံစာများ၊ လူမှုပတ်ဝန်းကျင်ဆန်းစစ်မှု အစီရင်ခံစာများနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ ပြည်သူ့ကြားနာပွဲ အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီးက ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတွင် ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ယူထားသည်။

“ကျွန်တော်အာမခံနိုင်တာက ကျွန်တော်တို့ တာဝန်ယူတဲ့အချိန်မှာတော့ ပြည်သူတွေ ထိခိုက်နစ်နာမယ့်အလုပ်ကို ဘယ်တော့မှမလုပ်ဘူး”ဟု ဦးဖြိုးဝင်းထွန်းက ပြောသည်။

စီမံကိန်းနှင့်ပတ်သက်၍ ဆက်လုပ်မည့်လုပ်ငန်း (လမ်းအဆင့်မြှင့်ခြင်း) တွင် ခေတ်ကာလနှင့် လျော်ညီသည့် လျော်ကြေးငွေများ မျှမျှတတ ရရှိစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားသည့်လမ်းကို ထိုင်းနိုင်ငံချေးငွေဖြင့် အဆင့်မြှင့်တင်မည်ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် - ထီးခီးလမ်းအတွက် ကျေးရွာ ၁၅ မှ ဥယျာဉ်ခြံမြေအချို့နှင့် အိမ်အချို့ ထိခိုက်မည်ဖြစ်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကြောင့် ထိခိုက်မည့် ကျေးရွာအရေအတွက်ကိုမူ Master Plan  ထွက်မှ သိရမည်ဖြစ်သည်။

ယခင်က စီမံကိန်းအကောင်အထည်ဖော်ရာတွင် မြေယာနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအမှားများရှိခဲ့သည့်အတွက် လက်ရှိတွင် ယင်းကဲ့သို့ မဖြစ်စေရန် စီမံကိန်းအကောင်အထည်ဖော်မည့်သူများကို အစိုးရက ကြပ်မတ်စေချင်ကြောင်း စီမံကိန်းဧရိယာအတွင်း ကျရောက်နေသည့် နဘုလယ်အုပ်စု ပရဒတ်ရွာနေ ဦးသန်းလှိုင်က ဆိုသည်။

အထူးစီးပွားရေးဇုန်တွင် ကနဦး စီမံကိန်းအဖြစ် စီးပွားရေးဇုန် - ထီးခီးလမ်း၊ လျှပ်စစ်မီးနှင့် ဆိပ်ကမ်းအငယ်အပါအဝင် လုပ်ငန်းအစီအစဉ် ၉ ခုကို အချိန် ၈ နှစ်အတွင်း လုပ်ရန်သတ်မှတ်ထားသော်လည်း အကောင်အထည်ဖော်နေသည့် အီတာလျှံ - ထိုင်းကုမ္ပဏီက ငွေကြေးအခက်အခဲရှိနေကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌ - ၂ ဒေါက်တာမြင့်ဆန်းက ပြောသည်။

ဆိပ်ကမ်း၊ လမ်းနှင့် လျှပ်စစ်မီးတို့ပြီးစီးပါက စက်မှုဇုန်က အကောင်အထည်ပေါ်လာမည်ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးကိုမူ လာမည့် ၂၀၅၀ ခုနှစ်အပြီး အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ပါဝင်သော စီမံကိန်းအကောင်အထည်ဖော်ရေး မြန်မာအစိုးရနှင့် ထိုင်းဆောက်လုပ်ရေးကုမ္ပဏီ ITD တို့ ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နေးခဲ့ရပြီး နောက်ပိုင်းတွင် ထိုင်းနှင့် မြန်မာ အစိုးရချင်း ပူးတွဲအကောင်အထည်ဖော်မည့် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ခဲ့သည်။

Dawei Watch