News

POST TYPE

NEWS

မိုးကုတ်မြို့ နှစ်ရှစ်ရာပြည့်ပွဲတော် လူငါးထောင်ကျော်တက်
30-Mar-2018


မန္တလေး၊ မတ် ၂၉

ကျောက်မျက်ရတနာမျိုးစုံထွက်ရှိရာ မိုးကုတ် နှစ်ရှစ်ရာပြည့်ပွဲတော်ကို မတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့ရာ ဖွင့်ပွဲနေ့တွင် လူငါးထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဝင် ဦးရဲအောင်က ပြောကြားသည်။

မိုးကုတ်မြို့ နှစ်ရှစ်ရာပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ချက်သမ္မတနိုင်ငံ၊ နီပေါနိုင်ငံ၊ ဩစတြေးလျနိုင်ငံတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က “နိုင်ငံရေးသမိုင်းကြောင်းအရ ကျေးဇူးတင်ချင်တာရှိပါတယ်။ နိုင်ငံရေးအရ မိုးကုတ်ဟာကြီးကျယ်ပါတယ်။ ယုံကြည်ချက်လည်းပြင်းထန်ပါတယ်။ ဒီမိုကရေစီအရလည်း ယုံကြည်မှုပြင်းထန်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ မိုးကုတ်သူ မိုးကုတ်သားတွေဟာ NLD ပါတီကို အပြတ်အသတ်မဲပေးခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ကမ်းပြိုခဲ့ပါတယ်။ ဒီအတွက် မိုးကုတ်သူမိုးကုတ်သားတွေကို ကျေးဇူးတင်ပါတယ်။ မကြာခင်လာတော့မယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မိုးကုတ်သူမိုးကုတ်သားတွေကို NLD က ကျေးဇူးတင်လိုပါတယ်”ဟု အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

မိုးကုတ်မြို့ နှစ်ရှစ်ရာပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့်အတူ ပွဲတော်ကျင်းပရာ မုံကွင်းအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

မိုးကုတ် နှစ်ရှစ်ရာပြည့်ပွဲတော်ကို မတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နိုင်ငံကျော် အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခြင်း၊ တိုင်းရင်းသားရိုးရာအကများ တင်ဆက်ခြင်းများပါဝင်မည်ဖြစ်ကာ နိုင်ငံခြားသားခရီးသွားများကိုလည်း သုံးရက်တာနေထိုင်ခွင့်ပြုထားကြောင်း ပွဲတော်ကျင်းပရေးကော်မတီက ထုတ်ပြန်ထားသည်။

M-01