News

POST TYPE

NEWS

ရုပ်ရှင်တွေကပြောတဲ့စကား သို့မဟုတ် ရုပ်ရှင်အနုပညာနှင့် ခရီးသွားလုပ်ငန်း
29-Mar-2018

တစ်နေ့တုန်းက အလုပ်က မိတ်ဆွေနှစ်ယောက် မြန်မာပြည်ကို လာလည်ဖို့အတွက် ကျွန်မကို အသေးစိတ်အချက်အလက်တွေ မေးပါတယ်။ သူတို့ငါးရက်အတွင်း လည်ပတ်လို့ရမယ့် နေရာတွေနဲ့ စရိတ်စကအလုံးစုံကို တွက်ချက်ပေးရပါတယ်။ စရိတ်စကကို အနိမ့်ဆုံးတွက်ချက်ပေးထားပေမယ့် သူတို့သုံးဖို့ လျာထားထားတဲ့ပမာဏထက် နည်းနည်းပိုနေတယ်လို့ ပြောလာပါတယ်။ ကျွန်မတို့လေဆိပ်မှာ အလုပ်လုပ်နေသူတွေဟာ မကြာခဏ အပန်းဖြေခရီးသွားနေသူတွေ ဖြစ်တဲ့အတွက် စရိတ်အများကြီး မသုံးလိုကြပါဘူး။

ဒါ့ကြောင့် အရှေ့တောင်အာရှနိုင်ငံတွေထဲက ဗီယက်နမ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို သွားဖို့အကြံပေးဖြစ်ပါတယ်။ သူတို့သတ်မှတ်ထားတဲ့ ခွင့်ရက်နဲ့ ကုန်ကျစရိတ်ထဲဝင်နေတာမို့ အဆင်ပြေသွားပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လည်ပတ်သင့်တဲ့နေရာတွေကို ညွှန်းတဲ့အချိန်မှာ Ninh Binh ဒေသ အကြောင်းရှင်းပြရင်းနဲ့ Kong: Skull Island လို့ပြောရင်း အဲဒီရုပ်ရှင်ကို အဲဒီကျွန်းမှာရိုက်တဲ့အတွက် ဒီနေရာကို Skull Island ရယ်လို့ နာမည်သစ်နဲ့ခေါ်တဲ့အကြောင်း ရှင်းပြရပါတယ်။ ရုပ်ရှင်ထဲမှာ ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကျော် Halong Bay ကိုလည်း အလှဆုံးဖြစ်အောင် ရိုက်ပြထားပါသေးတယ်။

ကျွန်မ ဗီယက်နမ်နိုင်ငံမှာ လည်ပတ်ဖို့ Tour အစီအစဉ်တွေ ဝယ်တုန်းကလည်း ခရီးစဉ်တွေရောင်းပေးတဲ့သူက Ninh Binh ဒေသကို Skull ရုပ်ရှင်ကားနဲ့တွဲပြီး ရှင်းပြခဲ့ပါတယ်။ တကယ်တမ်းသွားဖြစ်တဲ့ အချိန်မှာလည်း ဒေသခံဧည့်လမ်းညွှန်ဟာ ဒီနေရာကို Skull ရုပ်ရှင်ကားထဲက နေရာရယ်လို့ နာမည်ချင်းထပ်အောင် ရှင်းပြခဲ့ပါတယ်။ ဒီရုပ်ရှင်ကားကြောင့် ဗီယက်နမ်နိုင်ငံကို လာလည်သူတွေ ပိုများလာကြောင်း ဒီလိုရုပ်ရှင်ကြီးတွေထဲမှာ ဒီဒေသရဲ့ သဘာဝအလှအပတွေထည့်ပြီး ရိုက်ပြတဲ့အတွက် သူတို့အနေနဲ့ အလွန်အမင်းဂုဏ်ယူနေကြောင်း သိခွင့်ရခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံကို သွားရောက်လည်ပတ်သူတွေဟာလည်း Skull ရုပ်ရှင်ထဲကနေရာကို စူးစမ်းရောက်ဖူးလိုစိတ်နဲ့ သွားရောက်လည်ပတ်ခဲ့ကြပါတယ်။

ဒီရုပ်ရှင်ကားရဲ့ ကျေးဇူးကြောင့် လူသိပ်မသိတဲ့ နေရာတစ်ခုဟာ ခရီးသွားတွေ မဖြစ်မနေသွားလည်ရတဲ့ နေရာတစ်ခုဖြစ်လာတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။ Skull ရုပ်ရှင်ရိုက်ပြီးမှ နာမည်အသစ်တွင်လာတဲ့ ကျွန်းလေးဟာ တိတ်ဆိတ်အေးချမ်းပြီး သဘာဝအလှတွေနဲ့ ပကတိအတိုင်းရှိနေတဲ့ ကမ္ဘာသစ်တစ်ခုလို လှပပါတယ်။

ဒါရိုက်တာ Jordan Vogt-Roberts ဟာ ဒီရုပ်ရှင်ကားကို ဗီယက်နမ်နိုင်ငံမှာ ၂၀၁၇ ဖေဖော်ဝါရီလကစလို့ နှစ်ပတ်ကြာအောင် ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၈၅ သန်းလို့ သိရပြီး ပြန်ရငွေဟာ ဒေါ်လာ ၅၆၆ သန်းကျော်တယ်လို့ သိရပါတယ်။ Ninh Binh ဒေသရဲ့ အလှဆုံးနေရာတွေမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ရဲ့ ထွေလာလေးဟာ ကမ္ဘာကျော် Halong bay ကို ကောင်းကင်အထက်စီးကနေ မြင်ရတဲ့ ပြကွက်ကနေ စခဲ့ပါတယ်။ Skull ရုပ်ရှင်ဟာ၂၀၁၇ ခုနှစ်မှာ ရုပ်ရှင်ထွေလာပြချိန်ကစလို့ ရုပ်ရှင်ရုံတင်ပြီးတဲ့အထိ ဗီယက်နမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို အများဆုံး အထောက်အကူဖြစ်စေခဲ့တာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီရုပ်ရှင်ဟာ ၂၀၁၇-၂၀၁၈ မှာ ဗီယက်နမ်နိုင်ငံကို ခရီးသွားလုပ်ငန်းအတွက် ပရိုမိုးရှင်းလုပ်ပေးသလို ဖြစ်ခဲ့တာကို ဗီယက်နမ်နိုင်ငံသားအားလုံးက ဂုဏ်ယူနေခဲ့ကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို မိတ်ဆွေတွေကို အကြံပေးချိန်မှာလည်း ကမ္ဘာကျော်မင်းသမီး အင်ဂျလီနာဂျိုလီရဲ့ Tomb Raider ရုပ်ရှင်ကို ညွှန်းဆိုရပါတယ်။ အန်ကောဝပ်ကျောင်းတော်ရှိရာ ဒေသက Angkor Thom ကျောင်းတော်နဲ့ Bayon Tample ဟာ အင်ဂျလီနာဂျိုလီရဲ့ ရုပ်ရှင်ကြောင့် လူသိများခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ပြသပြီးနောက်ပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံကို ကမ္ဘာက ထပ်မံပြီး တွေ့မြင်လာပြန်ပါတယ်။ မျက်မှောက်ကာလမှာ ကမ္ဘောဒီးယားအာဏာပိုင်တွေဟာ နိုင်ငံအတွင်းမှာ ရုပ်ရှင်ရိုက်ကူးမှုတွေအတွက် တစ်ရက်ကို အမေရိကန်ဒေါ်လာ တစ်သောင်း ရိုက်ကူးခ တောင်းခံပါတယ်။ ၂၀၀၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဟာ အခုလို နှစ်ပေါင်းများစွာကြာတဲ့အထိ Angkor Thom ကျောင်းတော်ကြီးကို အကောင်းဆုံး ကြော်ငြာပေးနေဆဲပါပဲ။

အင်ဂျလီနာဂျိုလီဟာ Tomb Raider ရုပ်ရှင်ဇာတ်ကားနဲ့အတူ ခမာတို့ရဲ့ယဉ်ကျေးမှု အနုပညာတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ကမ္ဘာကိုသိအောင် လမ်းပြပေးနိုင်ခဲ့သူပါ။ Angkor Thom  ကျောင်းတော်ကြီးမှာ ရုပ်ရှင်ရိုက်ကွင်းထဲမှာ ပါတဲ့နေရာတွေကို လက်ညှိုးထိုးညွှန်ပြ မိတ်ဆက်ပေးပြီး Tip Money တောင်းနေတဲ့သူတွေတောင် တွေ့ခဲ့ရပါတယ်။ ရုပ်ရှင်ကားကြီးတစ်ကားကြောင့် နာမည်ကျော်လာတဲ့နေရာမှာ ရုပ်ရှင်ရိုက်ကွင်းထဲကနေရာကို လက်ညှိုးထိုးပြပြီး ငွေရှာနေတဲ့ ဒေသခံတွေရဲ့ အမြင်ကျယ်မှုကို တအံ့တဩကို ဖြစ်ခဲ့ရပါတယ်။ ဒီလို ကမ္ဘာလှည့်ခရီးသွားတွေ အရှိန်နဲ့လိမ့်ဝင်လာအောင် ကမ္ဘောဒီးယားနိုင်ငံကို မိတ်ဆက်ပေးခဲ့တဲ့ ရုပ်ရှင်နောက်တစ်ကားကတော့ ၁၉၈၄ ခုနှစ်မှာ ပြသခဲ့တဲ့ Killing fields ရုပ်ရှင်ပါပဲ။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပြည်တွင်းစစ်ကာလတုန်းက ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအကြောင်းကို ကမ္ဘာကိုသိအောင်တင်ပြခဲ့တဲ့ နာမည်ကျော် Killing fields ရုပ်ရှင်ဇာတ်ကားဟာလည်း နောက်ဆက်တွဲ သည်းထိတ်ရင်ဖို ဖြစ်ရပ်တွေနဲ့ ကမ္ဘာကျော်ခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော် ဖနွမ်းပင်ဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ အလှအပနဲ့ အထင်ကရနေရာရယ်လို့ ပြောပြလောက်အောင် မရှိတဲ့ မြို့လို့ဆိုလို့ရပါတယ်။ ဒါပေမဲ့ Killing fields ရုပ်ရှင်မှာပါတဲ့ Killing fields နဲ့ S-21 အကျဉ်းထောင်ဟောင်းဟာ ဒီရုပ်ရှင်ကြောင့် ခရီးသွားတွေ မသွားမဖြစ် သွားကြည့်ရတဲ့နေရာ ဖြစ်လာပြန်ပါတယ်။ ဒီရုပ်ရှင်ကို ကြည့်ဖူးသူတိုင်းဟာ ကမ္ဘောဒီးယားနိုင်ငံက Killing fields ကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်လိုစိတ်တွေလည်း ဖြစ်စေပါတယ်။ Killing fields, Killing Tress နဲ့ S-21 အကျဉ်းထောင်တို့ဟာ ဒီရုပ်ရှင်ကနေတစ်ဆင့် ကမ္ဘာကို ကမ္ဘောဒီးယားရယ်လို့ သိလာအောင် မိတ်ဆက်ပေးခဲ့တာပါပဲ။ ဒီရုပ်ရှင်တွေဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတိုးတက်ရေးကို အများဆုံး အထောက်အကူပေးခဲ့တာပါပဲ။ ဒီရုပ်ရှင်နှစ်ကားနဲ့ ခမာတိုင်းပြည်ကို ကမ္ဘာကိုကြော်ငြာပြီးသား ဖြစ်သွားတယ်လို့ ဆိုနိုင်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေနဲ့ အောင်မြင်နေတဲ့ ယူအေအီးနိုင်ငံ ကို ၂၀၁၅ ခုနှစ်မှာပြသခဲ့တဲ့ Fast and furious (7) ရုပ်ရှင်နဲ့ ထပ်ပြီး ကျော်ကြားစေပြန်ပါတယ်။ မိုးမျှော်တိုက်နှစ်လုံးကြားက ခုန်ပျံထွက်လာတဲ့ ကားကြောင့် ရုပ်ရှင်ထဲမှာပါတဲ့ မိုးမျှော်တိုက်ကြီးတွေကို လက်ညှိုးထိုးပြီး ကြွားစရာဖြစ်လာပြန်ပါတယ်။ သဲကန္တာရထဲက ခေတ်မီမြို့တော်ကြီးကို လှပတဲ့ရိုက်ချက်တွေနဲ့ ပုံဖော်ပြခဲ့ပါတယ်။ နောက်ဆုံးပေါ် ပြိုင်ကားတွေနဲ့အတူ ဟိုတုန်းက သွားလာရေးအတွက် အသုံးပြုခဲ့တဲ့ ကုလားအုပ်တွေကို တွဲမြင်စေပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး အယူအစွဲကြီးတဲ့ အာရပ်နိုင်ငံရယ်လို့ မြင်နေသူတွေကို ဘီကနီဝတ် မိန်းမလှလေးတွေကိုပြပြီး နိုင်ငံရဲ့ခေတ်မီပုံကိုပါ မိတ်ဆက်ပေးထားပြန်ပါသေးတယ်။ ဒီတော့ င်္Fast and furious (7) ကလည်း ယူအေအီးနိုင်ငံကို ခရီးသွားတွေ ပိုပြီးသိလာအောင် လည်ပတ်ချင်စိတ်ဖြစ်အောင် မိတ်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်ရယ်လို့ ပြောလို့ရပါသေးတယ်။ ရုပ်ရှင်ကြည့်ပြီး လာလည်ကြတဲ့ ခရီးသွားတွေ လာလည်ချင်ကြတဲ့ခရီးသွားတွေ ပိုများလာတာတော့ အမှန်ပါပဲ။

ကိုယ်တိုင်က ရုပ်ရှင်ကြိုက်သူမဟုတ်ပေမယ့် လေယာဉ်ကြာကြာစီးရတဲ့ အချိန်တိုင်းမှာ အပျင်းဖြေတဲ့အနေနဲ့ ရုပ်ရှင်တချို့ကြည့်ဖြစ်ပါတယ်။ ဧဝရက်တောင်အကြောင်း ရိုက်ထားတဲ့ Everest ဆိုတဲ့ ရုပ်ရှင်ကို ၂၀၁၅ မှာ ကြည့်ခဲ့ရပါတယ်။ ဒီရုပ်ရှင်နဲ့အတူ နီပေါနိုင်ငံနဲ့ ဧဝရက်တောင်ခရီးကို ရုပ်ရှင်ကနေတစ်ဆင့် လိုက်ပါစီးမျောခဲ့ပါတယ်။ ၁၉၉၆ မှာ ဖြစ်ပွားခဲ့တဲ့ တောင်တက်သမားတို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး မှတ်တမ်းရုပ်ရှင်ဆန်ဆန် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ကမ္ဘာလှည့်ခရီးသွားတွေသာမက ကမ္ဘာ့ပရိသတ်ထုကြီးကို ဧဝရက်တောင်အကြောင်းကို ကောင်းကောင်း မိတ်ဆက်ပေးခဲ့ပါတယ်။

တောင်တက်သမားတိုင်း တောင်ပေါ်မတက်ခင် တောင်ခြေမှာ ထုံးတမ်းအစဉ်အလာအရ ဝတ်ပြုဆုတောင်းရတဲ့ နေရာလေးကိုပါ သေသေချာချာပြထားပါတယ်။ ကိုးကွယ်ယုံကြည်မှုမဆန်တဲ့ ရိုးရာတစ်ခုကို လူမျိုးဘာသာမရွေး တောင်တက်သမားတိုင်း လိုက်နာကြရပါတယ်။ သေချာတာကတော့ ၂၀၁၅ မှာ ပြသခဲ့တဲ့ ဒီရုပ်ရှင်ဟာ နီပေါနိုင်ငံရဲ့ ခရီးသွားကဏ္ဍကို အများကြီး အထောက်အကူဖြစ်စေပါတယ်။ တောင်ပေါ်အထိ မသွားနိုင်သူတွေဟာ တောင်နဲ့အနီးဆုံးက ပိုကရာဆိုတဲ့မြို့လေးအထိ ရောက်အောင် သွားကြည့်ကြပါတယ်။ ဒီရုပ်ရှင်ရိုက်ကူးရာမှာ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ငါးဆယ့်ငါးသန်း သုံးထားပြီး ပြန်ရငွေ ဒေါ်လာ နှစ်ရာ့သုံးသန်းကျော်တယ်လို့ ဖော်ပြထားပါတယ်။

Everest ရုပ်ရှင်ကို ကြည့်မိတဲ့အခိုက်အတန့်မှာ ဆရာမဂျူးရဲ့ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ လျှို့ဝှက်သောနှင်း ရုပ်ရှင်ဇာတ်ကားကြီးကို ပြေးမြင်မိပါတယ်။ ပညာရပ်ဆိုင်ရာကဏ္ဍကို နားမလည်ပေမယ့် လျှို့ဝှက်သောနှင်းလို ရုပ်ရှင်မျိုးကို နိုင်ငံတကာကို ထိုးဖောက်ပြသနိုင်ရင် ဒီရုပ်ရှင်ဟာ မြန်မာနိုင်ငံကို ကမ္ဘာကသိစေနိုင်မယ့် ရုပ်ရှင်မျိုးလို့ မြင်မိပါတယ်။ ဒါပေမဲ့ မျက်မှောက်ကာလရောက်တဲ့အထိ ကမ္ဘာမှာ မြန်မာပြည်ဆိုတာကို လှလှပပပြသနိုင်တဲ့ ရုပ်ရှင်ရယ်လို့ မရှိသလောက် ရှားပါးလှပါတယ်။ မြန်မာပြည်ရဲ့ ရေမြေတောတောင်အလှအပ ယဉ်ကျေးမှု လူနေမှုစရိုက်တွေကို ကမ္ဘာကို မိတ်ဆက်ပေးနိုင်မယ့် ရုပ်ရှင်တွေကို မြင်လိုတွေ့လိုလှပါတယ်။ ပြည်ပက မိတ်ဆွေတွေကို မြန်မာပြည်ရယ်လို့ မိတ်ဆက်ပေးမိတိုင်း ကိုးကားရည်ညွှန်းစရာ ရုပ်ရှင်ရယ်လို့ မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ် ၂၀၀၈ ခုနှစ်မှာ ပြသခဲ့တဲ့ Rambo (4) ရုပ်ရှင်ဟာ မြန်မာပြည်မှာ ရိုက်ကူးထားထာမဟုတ်ပေမယ့် မြန်မာဆိုတာကိုသိစေတဲ့ ဘာသာစကားနဲ့ ဇာတ်ကြောင်းတချို့ ပါခဲ့ပါတယ်။ ဒါပေမဲ့ လက်မထောင်ပြီး ဝင့်ကြွားထိုက်တဲ့ အကြောင်းအရာမဟုတ်ပဲ မြန်မာပြည်ရဲ့ပုံရိပ်တချို့ကို ထိခိုက်စေတဲ့ တင်ဆက်မှုလို့မြင်မိတဲ့အတွက် ဝမ်းသာစိတ်မဖြစ်ခဲ့ရပါဘူး။ ဆိုးရွားတဲ့နိုင်ငံ ဆိုးရွားတဲ့စနစ်အောက်မှာ နေထိုင်နေရတဲ့ လူမျိုးတွေလို့ သနားစရာမြင်စေတဲ့ ရုပ်ရှင်မျိုးသာဖြစ်နေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ မြန်မာပြည်ကို ခရီးသွားတွေဖိတ်ခေါ်နိုင်ဖို့ဝေးလို့ လာလည်ချင်သူတွေကိုတောင် စိုးရိမ်စိတ်ဖြစ်စေမလားလို့ တွေးပူမိပါသေးတယ်။

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ ရုပ်ရှင်ကားပေါင်းများစွာနဲ့ ထိုင်းနိုင်ငံ ထိုင်းလူမျိုးနဲ့ ထိုင်းအစားအစာတွေကို ကမ္ဘာကိုသိစေအောင် ပြသနိုင်ခဲ့ပါတယ်။

ရုပ်ရှင်အနုပညာဟာ အနုပညာတစ်ခုဆိုတာထက် အများကြီးပိုပါတယ်။ ရုပ်ရှင်ကနေတစ်ဆင့် လူနေမှုပုံစံ အစားအသောက် ယဉ်ကျေးမှုသမိုင်းအစဉ်အလာ နိုင်ငံထုတ်ကုန် နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အလုံးစုံကို တင်ပြလိုတဲ့ပုံစံနဲ့ တင်ပြနိုင်ပါတယ်။ ကိုရီးယားရုပ်ရှင်တွေ မြန်မာပြည်ကို လွှမ်းမိုးလာချိန်မှာ ကိုရီးယားဘာသာစကား၊ အစားအသောက်၊ အဝတ်အစား အသုံးအဆောင်၊ မိတ်ကပ်ကစလို့ ကိုရီးယားအနုပညာရှင်တွေကိုပါ မြန်မာပရိသတ်တွေ ရူးသွပ်လာကြတာဟာ ရုပ်ရှင်တွေရဲ့ နောက်ကွယ်က မမြင်နိုင်တဲ့ အကြောင်းအရာတွေကြောင့်လို့ ဆိုလို့ရပါတယ်။ ကိုရီးယားနိုင်ငံဟာ ရုပ်ရှင်အနုပညာနဲ့ ကိုရီးယားနိုင်ငံကို ကမ္ဘာကို အကောင်းဆုံး မိတ်ဆက်ပေးခဲ့တာပါပဲ။

ဒါ့ကြောင့် ရုပ်ရှင်အနုပညာဟာ မီးခိုးမထွက်တဲ့ စက်ရုံကထွက်တဲ့ ထုတ်ကုန်တစ်မျိုးလို့တောင် တင်စားလို့ရနိုင်ပါတယ်။ Art လို့ခေါ်တဲ့ သိမ်မွေ့တဲ့အနုပညာဟာ အဆုံးမရှိ ခရီးသွားနိုင်ပါတယ်။ စကားလုံးတွေ အများကြီးမလိုဘဲ စကားတွေ ပြောနိုင်ပါတယ်။ တစ်ခါတလေမှာ ကြားခံဘာသာစကားတောင် မလိုအပ်ဘဲ နားလည်မှု ပေးနိုင်စွမ်းပါတယ်။ သုံးတတ်ရင် သုံးတတ်သလို အစွမ်းထက်တဲ့ ဆေးတစ်လက် အသုံးတည့်တဲ့ လက်နက်တစ်မျိုးပါပဲ။

ဒါပေမဲ့ ဒီကနေ့ဟာ အနုပညာကို နိုင်ငံအတွင်းမှာပဲ တခုတ်တရနဲ့ သိမ်းထားရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးထားတဲ့ အနုပညာကို ရွာကြီးတစ်ရွာဖြစ်လာတဲ့ ကမ္ဘာကြီးနဲ့ လှလှပပ တင့်တင့်တယ်တယ် မိတ်ဆက်ပေးဖို့ လိုအပ်လာပါပြီ။ သူတစ်ပါးတိုင်းပြည်က အရှိန်အဟုန်တဲ့ လှိမ့်ဝင်လာတဲ့ အနုပညာတွေကို ခံစားနေကြသလို မိမိတိုင်းပြည်က အနုပညာကိုလည်း အပြန်အလှန်ဆိုသလို ကမ္ဘာနဲ့မိတ်ဆက်ပေးဖို့ လိုအပ်နေပါပြီ။ ကမ္ဘာကိုသိစေမယ့် အနုပညာလို့ ဆိုလာတော့ ကမ္ဘာကြည့်ကြည့် ပြီး ခံစားလို့ရမယ့် အဆင့်အတန်းနဲ့ အရည်အသွေးတော့ လိုအပ်ပါလိမ့်မယ်။ ဘာသာစကားကတော့ စာတန်းထိုးပြီး ဘာသာပြန်ရင်ရနိုင်တဲ့အတွက် သိပ်အခက်အခဲ မရှိလှပါဘူး။

အခုတစ်လောမှာ နာမည်ရနေတဲ့ သိပ်လှတဲ့ မုဒြာရဲ့ခေါ်သံလေးကိုတော့ (ကိုယ်တိုင် မကြည့်ရသေးပေမယ့်) ဝမ်းသာအားရ ကြိုဆိုချင်ပါတယ်။ နိုင်ငံခြားမှာရောက်နေတဲ့ ကျွန်မတို့လို မြန်မာနိုင်ငံသားတွေအတွက် ဒါဟာ မြန်မာအကြောင်းပြထားတဲ့ ရုပ်ရှင်၊ ဒါဟာ ကမ္ဘာကိုချပြလို့ရတဲ့ ရုပ်ရှင်ရယ်လို့ ဝမ်းသာရတာမျိုးပါ။ ပြည်ပက မိတ်ဆွေတွေ ဘယ်သူတွေမေးမေး ကိုးကားစရာ ရုပ်ရှင်ရယ်လို့ မရှိခဲ့လေတော့ ဒီရုပ်ရှင်လေးနဲ့ ခရီးသွားမြှင့်တင်ပေးဖို့ စဉ်းစားမိပါတယ်။ ဟောလီးဒေးမှာ ဘယ်သွားရရင် ကောင်းမလဲလို့ ကျွန်မကို လာမေးသူတွေကို ဒီရုပ်ရှင်ကြည့် ဒီနေရာတွေသွားလို့ ယုံကြည်ချက်အပြည့်နဲ့ လမ်းညွှန်ပေးလိုပါတယ်။ ရုပ်ရှင်တွေနဲ့ ပြောတဲ့စကားကို ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေက ပိုနားလည်ပါလိမ့်မယ်။

ဒီရုပ်ရှင်ကြည့်ပြီး ဒီနိုင်ငံကို ရောက်လာတာပါလို့ ပြောလာတဲ့ ခရီးသွားတွေကို ဟုတ်တာပေါ့ ဒီရုပ်ရှင်ဟာ ဒီနေရာတွေ ဒီနေရာတွေမှာ ရိုက်ထားတဲ့ ရုပ်ရှင်ပါလို့ ဂုဏ်ယူစွာနဲ့ ကြွားလိုပါသေးတယ်။ ဗီယက်နမ်နိုင်ငံသား ခရီးသွားလမ်းညွှန်တွေ Skull Island ကို လက်မထောင်ပြီး ကြွားခဲ့သလို ကမ္ဘောဒီးယားနိုင်ငံက အင်ဂျလီနာဂျိုလီ ရုပ်ရှင်ရိုက်တာ ဒီကျောက်တုံးလို့ လက်ညှိုးထိုးပြသလို ကြွားခွင့်ရမယ့်တစ်နေ့ကို မြင်ချင်တွေ့ချင်ပါသေးတယ်။ ကျွန်မ မကြည့်ရသေးတဲ့ မုဒြာရဲ့ခေါ်သံရုပ်ရှင်ကို ပြည်ပနိုင်ငံပေါင်းများစွာမှာ ပြသခွင့်ရစေချင်ပါတယ်။

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်က မင်းသားကတော့ ဒီရုပ်ရှင်ဟာ ဘာသာရေးပဋိပက္ခတွေကြောင့် ထိခိုက်နေတဲ့ နိုင်ငံရဲ့ပုံရိပ်ကို ပြန်မြှင့်တင်ပေးနိုင်မယ်၊ စိုးရိမ်စိတ်တွေ အနည်းငယ်ပြေလျော့စေနိုင်မယ်လို့ ထင်ပါတယ်လို့ ပြောထားပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေကြောင့် ပုံရိပ်ကျဆင်းခဲ့တာတွေ ခရီးသွား အဝင်နည်းတာတွေ ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ ခရီးသွားတွေရဲ့ စိုးရိမ်စိတ်ကို ဖြေလျှော့ပေးစေမယ် စိတ်ချယုံကြည်စွာနဲ့ မြန်မာပြည်ကို လာလည်ကြဖို့ အထောက်အကူဖြစ်စေမယ့်လို့ ခရီးသွားလုပ်ငန်း ရှုထောင့်ကနေ မြင်မိပါတယ်။

ရုပ်ရှင်တွေက ပြောတဲ့စကား ပြောမယ့်စကား သွားမယ့် ခရီးအတိုင်းအတာကို ကျွန်မတို့ မမှန်းဆနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ကိုယ်စား ကမ္ဘာကို စကားတွေပြောပေးမယ့် ရုပ်ရှင်တွေကိုတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုပါတယ်။ ရုပ်ရှင်အနုပညာနဲ့ ကျဆင်းနေတဲ့ ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံရဲ့ပုံရိပ်ကို ပြန်လည်မြှင့်တင်လိုလှပါတယ်။ မုဒြာရဲ့ခေါ်သံဟာ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားသားတွေကို ရုပ်ရှင်ရုံထဲရောက်အောင် ခေါ်နိုင်စွမ်းရှိခဲ့သလို ပြည်ပက လာရောက်လည်ပတ်လိုကြတဲ့ ခရီးသွားများကိုပါ မြန်မာပြည်ကိုရောက်အောင် ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည် မျှော်လင့်မိပါတယ်။

နှင်းမာယာ