News

POST TYPE

NEWS

ကုလားပဲသစ်ပေါ်ချိန် ယမန်နှစ်အောက် ဈေးလျော့
29-Mar-2018 tagged as ဈေးကွက် ပဲ



မန္တလေး၊ မတ် ၂၈

မန္တလေးပဲဈေးကွက်အတွင်းသို့ ကုလားပဲအသစ်များ ဝင်ရောက်လာရာ ယခုနှစ်ဈေးနှုန်းသည် ယမန်နှစ်ဈေး အောက်လျော့ကျခဲ့ကြောင်း ပဲအရောင်းအဝယ် လုပ်ကိုင်သူအချို့ထံမှ သိရသည်။

အိန္ဒိယနိုင်ငံက ကုလားပဲအဝယ် နည်းသွားခြင်းနှင့် ပြည်တွင်း တောင်သူများအနေနှင့် မတ်ပဲအစား ကုလားပဲကို ပြောင်းလဲစိုက်ပျိုးသူများလာခြင်းကြောင့် ဈေးလျော့သွားခြင်းဖြစ်ကြောင်း မန္တလေး ကုန်စည်ဒိုင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောကြားသည်။

“ကုလားပဲဈေးက ဒီထက်တော့ မကျနိုင်သေးပါဘူး” ဟု ၎င်းက ခန့်မှန်း ပြောဆိုသည်။

ယမန်နှစ် မတ်လက ကုလားပဲသုံးတင်းဝင် (၅၆ ပိဿာ) တစ်အိတ်လျှင် ၈၀,၀၀၀ ကျပ် (ဝန်းကျင်) ဈေးရှိခဲ့ပြီး ယခုနှစ်တွင်မူ ကျပ် ၆၄,၀၀၀ ဝန်းကျင်သာ ဈေးရကြောင်း မန္တလေး ကုန်စည်ဒိုင်ဈေးနှုန်းအရ သိရသည်။

အိန္ဒိယက ကုလားပဲဝယ်လိုအား လျှော့ချလိုက်သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့က ဝယ်လိုအားရှိနေသေးကြောင်း မန္တလေးပဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

လက်ရှိ ပဲဈေးကွက်တွင် ကုလားပဲဈေးနှုန်း လျော့ကျနေသော်လည်း တရုတ်နိုင်ငံသို့တင်ပို့နေသော ပဲဇီးကွက် တစ်အိတ်လျှင် ၇၄,၀၀၀ ကျပ် ဝန်းကျင်နှင့် ထောပတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ၁၀၀,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးကောင်းရနေသေးကြောင်း မန္တလေးကုန်စည်ဒိုင်အသင်း ဒုတိယဥက္ကဋ္ဌဦးညွန့်ဝေက ပြောဆိုသည်။  

M-08