POST TYPE

NEWS

မြန်မာ့ထိပ်တန်း ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု အားနည်း
16-Sep-2016 tagged as ကုမ္ပဏီ

ရန်ကုန်၊ စက်တင်ဘာ ၁၆

မြန်မာ့ထိပ်တန်း ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု အားနည်းနေဆဲ ဖြစ်ကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က တတိယအကြိမ် ထုတ်ပြန်သည့် (မြန်မာ့ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု လေ့လာခြင်း) ပွင့်သစ်စ စီမံချက်တွင် ဖော်ပြသည်။

အဆိုပါ စီမံချက်သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီဌာနတွင် အခွန် ထမ်းဆောင်မှု အများဆုံး ဖြစ်သော ကုမ္ပဏီပေါင်း တစ်ရာကို အကဲဖြတ် ဆန်းစစ်ခြင်း ဖြစ်ပြီး ကုမ္ပဏီကြီးများသည် အများပြည်သူ သိရှိရန် လိုအပ်သည့် သတင်း အချက်အလက်များ ထုတ်ပြန်ရန် အားနည်းနေဆဲ ဖြစ်ကြောင်း MCRB ၏ ဒါရိုက်တာ ဗစ်ကီဘိုမန်က ပြောကြားသည်။

“ဒီလို ဖော်ပြချက်တွေ လုပ်ဖို့ ကုမ္ပဏီတွေက စိတ်မဝင်စားကြဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ကုမ္ပဏီကြီးများသည် ၎င်းတို့လုပ်ငန်းနှင့် ပတ်သက်သည့် နှစ်ပတ်လည် အစီရင်ခံစာ၊ လုပ်ငန်းနှင့်ဆိုင်သည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် အစီရင်ခံချက်၊ စီးပွားရေး စွန့်စား နိုင်ခြေရှိမှုတို့ကို ထုတ်ပြန်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ပွင့်သစ်စ စီမံချက်၏ အစီရင်ခံစာတွင် ကုမ္ပဏီများ၏ အင်တာနက် စာမျက်နှာများပေါ်မှ အချက်အလက်များကို အဓိက လေ့လာခြင်းဖြစ်ပြီး မြန်မာ့ထိပ်တန်း ကုမ္ပဏီပေါင်း တစ်ရာတွင် ကုမ္ပဏီ ၃၄ ခုမှာ အင်တာနက် စာမျက်နှာ (Website) ဖွင့်လှစ်ခြင်း မရှိဘဲ အချို့ ကုမ္ပဏီများမှာလည်း ကောင်းမွန်စွာ လည်ပတ်ခြင်း မရှိကြောင်း MCRB က ဆိုသည်။

လက်ရှိ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ပွင့်လင်း မြင်သာမှု အရှိဆုံး ကုမ္ပဏီအဖြစ် ရန်ကုန်စတော့ အိတ်ချိန်း စာရင်းဝင် အများပိုင် ကုမ္ပဏီ တစ်ခုဖြစ်သော FMI ကုမ္ပဏီက အဆင့်တစ် အဖြစ် ရွေးချယ်ထားပြီး၊ နံပါတ်နှစ်တွင် Serge Pun & Associate (SPA)၊ နံပါတ်သုံးတွင် မက်စ်မြန်မာ ကုမ္ပဏီတို့က အစဉ်လိုက် ရပ်တည်ခဲ့သည်။

အခြားထိပ်တန်း ကုမ္ပဏီကြီးများ ဖြစ်သည့် ရွှေတောင်၊ အေးရှားဝေါ၊ ထူးအုပ်စု ကုမ္ပဏီများသည် ပွင့်လင်း မြင်သာမှုအဆင့် နံပါတ် ၁ဝ အောက်တွင် ရှိနေကြောင်း MCRB က ဆိုသည်။

ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု ရှိခြင်းသည် စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရာတွင် အလွန် အရေးပါပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေနှင့် ၎င်းတို့နှင့် တွဲဖက် လုပ်ကိုင်ရန် မိတ်ဖက် ပြည်တွင်း ကုမ္ပဏီများကို ရှာဖွေရာတွင် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သည့် အချက်လက်များကို ကြည့်ရူကြောင်း MCRB က ဆိုသည်။