News

POST TYPE

NEWS

ဘင်္ဂါလီအရေး တပ်ချုပ်၏မှတ်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဝေဖန်
27-Mar-2018


ကုလသမဂ္ဂ၊ မတ် ၂၇

မွတ်ဆလင် ဘင်္ဂါလီများသည် မြန်မာနိုင်ငံတွင်းရှိ အခြားတိုင်းရင်းသားများနှင့် မည်သည့်အရာတွင်မှ တူညီမှုမရှိ ဟူသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မှတ်ချက်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဝေဖန်လိုက်ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

ဗိုလ်ချုပ်မှူးကြီး၏ မှတ်ချက်အပေါ် တုန်လှုပ်မိကြောင်း ၊ မြန်မာခေါင်းဆောင်များအနေဖြင့် အမုန်းတရား လှုံ့ဆော်မှုများကို ဆန့်ကျင်ရန်နှင့် ယဉ်ကျေးမှု သဟဇာတဖြစ်မှု မြှင့်တင်ရန် ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုကြောင်း ဂူတာရက်စ်၏ သဘောထားကို ဒုတိယပြောခွင့်ရပုဂ္ဂိုလ် ဖာဟန်ဟက်က ကြေညာချက် ထုတ်ပြန်ပေးခဲ့သည်။

အကြမ်းဖက်မှုများ ဖြစ်ပွားရသည့် ဇာစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းရန် အရေးပါမှုနှင့် လိုအပ်နေသူများကို လုံခြုံရေးနှင့် အကူအညီပေးအပ်ရန် မြန်မာအစိုးရ၏ တာဝန်ရှိမှုကိုလည်း အတွင်းရေးမှူးချုပ်က သတိပေးခဲ့သည်ဟု ဆိုသည်။

မတ်လ ၂၅ ရက်နေ့က ကချင်ပြည်နယ်တွင် ရောက်ရှိနေသော တပ်ချုပ်က ဘင်္ဂါလီများသည် မြန်မာတိုင်းရင်းသားများနှင့် တူညီသော ဝိသေသလက္ခဏာ၊ ယဉ်ကျေးမှုမျိုးတစ်ခုမျှ မရှိကြောင်း မှတ်ချက်ပေးခဲ့သည်ဟု ယင်းသတင်း၌ ဖော်ပြထားသည်။

ဘင်္ဂါလီများက နိုင်ငံသားတောင်း၍ တင်းမာမှု ဖြစ်ရသည်ဟုလည်း တပ်ချုပ်က မှတ်ချက်ပေးခဲ့သည်ဟု Dhaka Tribune သတင်းစာက ဖော်ပြသည်။

ဘင်္ဂါလီများ နေရပ်သို့ မိမိတို့ သဘော ဆန္ဒအလျောက် ဘေးကင်း၊ ဂုဏ်သိက္ခာ ရှိစွာ ပြန်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးရန် အရေးကြီးကြောင်းလည်း ဂူတာရက်စ် ကပြောကြားခဲ့သည်။

ဂူတာရက်စ်သည် ဘင်္ဂါလီကိစ္စ နိုင်ငံတကာက အာရုံစိုက်မှုကို ဆက်ထိန်း ထားနိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်တစ်ဦး ထပ်မံခန့်ထားရေးကို ချိန်ဆနေသည်မှာ လအတန်ကြာမြင့်ပြီဖြစ်သည်။

F-03