News

POST TYPE

NEWS

မူဆယ်ဈေးကွက်တွင် ဖရဲ၊ သခွားမွှေး ဈေးတစ်ဆခွဲတက်
27-Mar-2018

မန္တလေး၊ မတ် ၂၆

မြန်မာနိုင်ငံဒေသအနှံ့မှ မူဆယ်ဈေးကွက်သို့တင်ပို့သည့် ဖရဲသီးနှင့် သခွားမွှေးသီးဈေးကွက်တွင် ဈေးတစ်ဆခွဲတက်လာပြီး ရောင်းအားကောင်းနေကြောင်း မူဆယ်ကုန်စည်ဈေးကွက်ထံမှ သိရသည်။

“အဓိကတော့ အရည်အသွေးက ကောင်းလာလို့ပါပဲ”ဟု ခွာညိုသစ်သီးပွဲရုံ လုပ်ငန်းရှင် ဦးစိုင်းခင်မောင်က ပြောကြားသည်။

မတ်လလယ်ပိုင်းက ဖရဲသီးနှင့် သခွားမွှေးသီးတစ်တန်လျှင် ယွမ်ငွေ ၁၈၀၀ မှ ၂၀၀၀ ခန့်အထိသာဈေးရခဲ့ပြီး ရောင်းအားကျဆင်းနေခဲ့ရာမှ ယခုရက်ပိုင်းတွင် ယွမ်ငွေ ၁၈၀၀ မှ ၃၅၀၀ ယွမ်ခန့်အထိ ဈေးရရှိလျက်ရှိကြောင်း မူဆယ်ဈေးကွက်ထံမှ သိရသည်။

ယင်းသို့ ဈေးကောင်းရရှိပြီး ရောင်းအားကောင်းနေသော်လည်း ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ် ဘီးလင်းမြို့ပတ်ဝန်းကျင်မှထွက်သည့် ဖရဲသီးများမှာ အရည်အသွေးမမီသည့်အတွက် တင်ပို့လာသည့် ကုန်စည်များအနက် ၅၀ ရာခိုင်နှုန်းခန့်မှာ ပယ်သီးများဖြစ်နေကြောင်း မူဆယ် ကုန်စည်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မတ်လ ၂၅ ရက်နေ့ပေါက်ဈေးအရ ရောင်းတမ်းဝင် ဖရဲသီး၊ သခွားမွှေးသီး တစ်တန်လျှင် ၂၅၀၀ ယွမ်မှ ၃၅၀၀ ယွမ်အထိ ဈေးပေါက်လျက်ရှိပြီး မူဆယ်ဈေးကွက်သို့ တစ်ရက်လျှင် ဖရဲသီးကားအစီး ၃၀၀၊ သခွားမွှေးသီးကားအစီး ၂၅၀ ခန့် ဝင်ခဲ့ကြောင်းလည်း ယင်းဈေးကွက်ထံမှ ထပ်မံသိရသည်။

မတ်လ ၂၆ ရက်နေ့က တရုတ်ငွေ ပေါက်ဈေးမှာ တစ်ယွမ်လျှင် မြန်မာငွေ ၂၀၆ ကျပ်ခန့်ဈေးပေါက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

M-04

  • VIA