News

POST TYPE

NEWS

ကလေးမြို့၏ ဘိုးဘွားရိပ်သာ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီး
27-Mar-2018



ကလေး၊ မတ် ၂၆ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ အလှူရှင်များ၏လှူဒါန်းငွေများဖြင့် တည်ဆောက်နေသည့် ပထမဆုံးသော ဘိုးဘွားရိပ်သာမှာ လက်ရှိတည်ဆောက်မှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ဘိုးဘွားရိပ်သာဖြစ်မြောက်ရေး ကော်မတီမှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ဆွေက ပြောကြားသည်။ 

စောင့်ရှောက်မဲ့ သက်ကြီးဘိုးဘွား ၃၀ ကျော်ကို တစ်ပြိုင်နက် စောင့်ရှောက်မှုပေးနိုင်သည့် ဘိုးဘွားရိပ်သာကို ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ (၅) အတွင်းရှိ အေးရိပ်မွန် အမျိုးသမီး ဂေဟာဝင်းအတွင်း ၂၀၁၇ ခုနှစ် မေလမှ စတင်တည်ဆောက်နေခြင်းဖြစ်သည်။

ဘိုးဘွား ၃၀ ကျော်ကို စောင့်ရှောက်နိုင်သည့် အဆောက်အအုံတစ်ခုနှင့် ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲနှစ်လုံးကို တည်ဆောက်နေခြင်းဖြစ်ပြီး ဘိုးဘွားရိပ်သာကို ၂၀၁၈ ခုနှစ်အတွင်း အပြီးတည်ဆောက်ကာ ဘိုးဘွားများကို စတင်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း ဘိုးဘွားရိပ်သာဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။ 

“ဒေသမှာ အခြားပရဟိတလုပ်ငန်းတွေ မျိုးစုံဖွံ့ဖြိုးတယ်။ ရှိကြတယ်။ မြို့နယ်အသင်းအဖွဲ့တွေက ပရဟိတလုပ်ငန်းမျိုးစုံ ရှိနေပြီးတော့မှ ကလေးနဲ့ အထက်ချင်းတွင်းဒေသမှာ ဘိုးဘွားရိပ်သာတစ်ခုမှ မရှိဘူး။ မှီခိုမဲ့ဘိုးဘွားတွေ စွန့်ပစ်ခံဘိုးဘွားတွေကို မြင်တွေ့နေရတဲ့အခါကျတော့ မဖြစ်မနေလိုအပ်ပြီဆိုပြီး ဒီဟာကို အကောင်အထည်ဖော်ဖြစ်တာပါ”ဟု အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ဆွေက ပြောဆိုသည်။ 

အဆိုပါ ဘိုးဘွားရိပ်သာအဆောက်အအုံကို တစ်ဦးချင်း အလှူရှင်များ၏ထည့် ဝင်ငွေ၊ စုပေါင်းအလှူရှင်များ၏ ထည့်ဝင်ငွေ ကျပ်သိန်း ၈၅,၇၅၂,၀၀၀ မှ စုံစမ်းရန် အဆောက်အအုံ ၂၅ သိန်း၊ ဝန်ထမ်းအိမ်ရာနှစ်လုံး တစ်လုံးလျှင် ကျပ်သိန်း ၆၀ နှင့် အုတ်တံတိုင်း ၆၅ ခန်းအတွက် တစ်ခန်းလျှင် ကျပ်နှစ်သိန်းတစ်သောင်းဖြင့် တည်ဆောက်နေရာ ပြီးစီးလုနီးပါးဖြစ်နေကြောင်း ဘိုးဘွားရိပ်သာဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။ 

ယင်းအဆောက်အအုံများ တည်ဆောက်ပြီးစီးပါကလည်း ဘိုးဘွားများကို စောင့်ရှောက်ရန်အတွက် စတင်လက်ခံချိန်တွင် ငွေကြေးလိုအပ်ချက်ရှိမည်ဖြစ်၍ လှူဒါန်းလိုသူများသည် ဆက်သွယ်လှူဒါန်း ပံ့ပိုးပေးကြစေလိုကြောင်း ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေးကော်မတီဝင်များက ပြောကြားသည်။ 

R-20

  • VIA